Sunday 31 July 2016

​ရွှေဖရုံသီးဟင်း




ဒီက ရွှေဖရုံသီးတွေ စားရတာ မြန်မာပြည်က ရွှေဖရုံသီးလို စေးစေးထန်းထန်းလေး မနေဘဲ ချက်လိုက်တိုင်း ဖွာလန်ကျဲလေးလေး ဖြစ်နေတော့တာပါဘဲ ဒါပေမဲ့လဲ ရွှေဖရုံသီးဆို ဘယ်လိုချက်ချက် အရမ်းကြိုက်တဲ့အတွက် မကြာမကြာတော့ ချက်စားဖြစ်ပါတယ် ဒီနေ့လဲ ပုဇွန်ခေါင်းချိုး ပိစိကွေးလေးတွေ ရလာတော့ အရည်သောက်ဆမ်း ဟင်းတမယ် လွယ်ကူမြန်ဆန်စွာ ချက်မိပြန်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံသီး - တစ်ကီလို
  2. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပုဇွန်ခေါင်းချိုး - ၁၅ကျပ်သား
  10. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံးခွဲစာ

ပြင်ဆင်ပုံ
  • ရွှေဖရုံသီးကို အခွံခွာပြီး အစေ့ထုတ်ကာ အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပုဇွန်ကိုရေဆေးကာ ခေါင်းအမြှီးဖြုတ်ပြီး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် နနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့် ကြော်ပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံသီးထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးကာ ဆားနှင့် ရေကို ထည့်ပေးပါ
  • ဟင်းရည်အပျစ် အကျဲကို လိုသလိုပြင်၍  ထည့်ပေးပါ
  • ရွှေဖရုံသီး ပျော့ရုံလေး တည်ပေးပြီး အထက်အောက် အသာလေး လှန်ပေးပါ
  • ပြီးတာနဲ့ပုဇွန်ထည့်ပြီး အဖုံးအုပ်ကာ ၄မိနစ်ခန့် တည်ပေးပါ
  • ပုဇွန်ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ရွှေဖရုံသီး ပုဇွန်ခေါင်းချိုး အရည်သောက်ဆမ်းဟင်းကို ပုဇွန်ငါးပိထောင်း သရက်သီးကုလားတယ်နှင့်ချက်ထားသော ကြက်သားဟင်းဆီပြန်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန်ပြင်ပေးပါ။

No comments:

Post a Comment