Friday, 16 March 2018

ဘဲသား ကော်ရည်ခေါက်ဆွဲ





ဒီနေ့တော့ ဘဲသားဝယ်ထားတာ အဆင်သင့်လေး ဖြစ်နေတာမို့လို့ ဘဲသားကော်ရည် လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဘဲသားကော်ရည်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲသား - 300g
  • မှိုမဲ - ၁၀ပွင့်
  • ဂျပန်မှိုခြောက် - ၇ပွင့်
  • ကော်မှုန့် - corn flour 1cup
  • ရေ - 1cup
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - ချင့်ချိန်ထည့်ပါ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ပဲငံပြာရည်အပြစ် - ဟင်းခတ်ဇွန်းကြီး တဇွန်းခွဲ
  • ကြက်သွန်ဖြူဆီချက် အဖတ် - ထမင်းစားဇွန်း ၄ဇွန်း
  • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်ဥ - ၂လုံး
  • ကန်စွန်းရွက် - မိမိစားနိုင်သလောက်
  • မျှင်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာခန့်
  • သံပုရာသီး -၂လုံး
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင်၂၀ခန့်
  • အသင့်စားနိုင်သော ပြုပ်ပြီးသားခေါက်ဆွဲ - တကီလိုခွဲ
မျှင်ငါးပိထောင်းရန်
  1. အရင်ဆုံး မျှင်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
  2. ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မွှေးနေအောင် လှော်ပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. အရင်ဦးဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  5. ပြီးတာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းပေးပါ
  6. နောက်ဆုံးကျမှ ကင်ထားသော ပုဇွန်ငါးပိကို ထည့်ထောင်းပါ
  7. အားလုံးသမပြီဆိုတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ကာ သံပုရည်ညှစ်ကာ ပြင်ထားပါ
ပြင်ဆင်ပုံ
  • အသားများသော ဘဲသားကို ရေဆေးထားပါ 
  • မှိုမည်းကို ရေ၃နာရီလောက် စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • ဂျပန်မှိုခြောက်ကို ရေသုံးနာရီလောက် စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  • ပန်းကန်တလုံးထဲမှာ ကြက်ဥကိုဖောက်ထည့်ပြီး ပွလာတဲ့အထိ ခလောက်ထားပါ
  • Corn flour(ကော်မှုန့်)ကို ရေ 1 cup နှင့် ဖျော်ထားပါ
  • Chinese five spices powder (တရုတ်မဆလာ) ကြက်သားမှုန့် သကြား ဆား ပဲငံပြာရည် အပြစ်ကြက်သွန်ဖြူ ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
  • အိုးတလုံးထဲမှာ ရေ 3000 ml နှင့် ဘဲသားကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အသားနူးတာနဲ့ အိုးထဲမှဆယ်ကာ အအေးခံပြီး ခပ်သေးသေး အတုံးလေးတွေ တုံးထားပါ
  • ဘဲသားပြုပ်အိုး ရေပွက်ပွက် ဆူလာတာနဲ့ လှီးထားသော ဘဲသားကိုထည့်ပြီး ပြုတ်ပေးပါ
  • ပြီးတာနဲ့ ပါးပါးလှီးထားသော မှိုမည်းနှင့် ဂျပန်မှိုတို့ကို ဟင်းရည်အိုး ဆူဆူထဲ ထည့်ပါ
  • ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲကို ကြက်သားမှုန့်   five spices powder (တရုတ်မဆလာ) နှင့် ဆား ကိုထည့်ပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူနေချိန်မှာ ခလောက်ထားသော ကြက်ဥကို ဇကာခံပြီး လောင်းထည့်ပေးပါ
  • ကြက်ဥလောင်းထည့်စဉ် အမျှင်အဖတ်လေးများရအောင် ဇကာထဲလောင်းထည့်နေချိန်မှာ ဇကာကို ဝေ့ဝှိုက်ပေးနေပါ
  • ပြီးတာနဲ့ ကြက်ဥအမျှင်လေးများ ရလာအောင် သစ်သားယောင်းမဖြင့် တဖက်သတ်ထဲ ဝှေ့သိုက်ကာ မွှေပေးပါ
  • ဟင်းရည်အိုး ပြန်ဆူလာလျှင် မီးကိုအနေတော် လျှော့ပေးပြီးမှ ဖျော်ထားသော ကော်မှုန့်အရည်ကို ပြန်မွှေပြီး လောင်းထည့်ပေးပါ
  • ကော်မှုန့်များပြစ်ပြီး ခဲမသွားစေရန် ၃ မိနစ်ခန့် အဆက်မပြတ် မွှေပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အပြစ် သကြား ငရုတ်ကောင်းမှုန့် နှင့် ကြက်သွန်ဖြူဆီချက် ကိုထည့်ပြီး ဟင်းရည်အိုးကိုမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အိုးအဖုံးဖုံးပြီး မီးပိတ်ပေးပါ
  • ကန်စွန်းရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူမှာ ရေနွေးဖျောပေးထားပါ
  • မီးပိတ်ပြီးတာနဲ့ ပန်းကန်လုံးထဲမှာ မိမိစားနိုင်သလောက် ခေါက်ဆွဲဖတ် ကန်ဇွန်းရွက်နှင့်​ ဘဲသားကော်ရည်ကိုထည့်ပြီး ကော်ရည်ခေါက်ဆွဲ ပူပူလေးကို မျှင်ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment