Wednesday, 14 March 2018

ငါးခြောက် အစပ်ကြော်









ဒီနေ့တော့ အဝေးမှာ ရောက်နေတဲ့ သမီးငယ်လေးအတွက် ကြာကြာအထားခံပြီး စားလို့ကောင်းစေတဲ့ ငါးခြောက်အစပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခြောက် – 1000 g
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ငံပြာရည် - ထမင်းစားဇွန်းဇွန်း နှစ်ဇွန်း
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၈ဇွန်းခန့်
  • ရေ - ရေလိုသလောက်
ပြင်ဆင်ပုံ
  • ငါးခြောက်ကို ရေဆေးပြီး အမြှောင်းလေးတွေ လှီးပေးထားပါ
  • နနွင်းမှုန့် ငရုတ်သီး လုံးခြမ်းကွဲ အရသာမှုန့်နှင့် ငံပြာရည်တို့ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခြောက်နှင့် ရေထည့်၍ အဖုံးဖုံးကာ မီးအနေတော်နဲ့ တည်ထားပေးပါ
  • ငါးခြောက်ပြုပ်ထားသောအိုး တည်ထားစဉ် ရေဆူလာတဲ့အခါ ရေများဝေကျတတ်တဲ့တွက် အဖုံးကို ခပ်စောင်းစောင်းလေး ဟထားပေးပါ
  • ငါးခြောက်များ နူးလွယ်ပြီး အကျက်ညီစေရန်၂ခါသုံးခါလောက် လှန်ပေးပါ
  • ရေတ၀က်လောက် ခမ်းသွားတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီး နူးတဲ့အထိ တည်ပေးထားပါ
  • ရေမခမ်းခင် ငါးခြောက်များ နူး မနူးစမ်းပေးပါ
  • မနူးသေးပါက နူးတဲ့အထိ ရေထပ်ထည့်ကာ ပြုပ်ပေးပါ
  • ငါးခြောက်များ နူးလာပါက ပြုပ်ထားသော ရေများသွန်ပြီး ရေဆေးပေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ အသားများကို အအေးခံပေးထားပါ
  • အသားများ အေးသွားတာနဲ့ အရိုးအသား သတ်သတ်စီ ထွင်ပေးပါ
  • မလိုသော အရိုးများကို လွှင့်ပြစ်ပြီး အသားများကို ဘလင်ဒါထဲ ထည့်ကြိတ်ပေးပါ 
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထည့်ထောင်းပေးပြီး အသားများကို မွှထားပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ကာ မီးအနေတော်နှင့် အပူပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ဆီပူလာတာနဲ့ ကြိတ်ထားသော ငါးခြောက်မှုန့်ကို ထည့်ကြော်ပေးပါ
  • ငါးခြောက်မှုန့်များ ကြွတ်ပြီးရွလာတာနဲ့ ငံပြာရည် ငရုတ်သီးလုံးခြမ်းကွဲနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်ဖြင့် မီးဖိုပေါ်မှာ ဆက်ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြွတ်ရွပြီး မွှေးနေတဲ့ ငါးခြောက်ကြော်ကို ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုတာနဲ့  မွှေးပြီးချိုနေသော ငါးခြောက်အစပ်အမွကြော်ကို နှစ်သက်သလို စားနိုင်အောင် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment