Saturday, 23 August 2014

ငါးမြင်း ဆီကျန်ရေကျန် အချဉ်ဟင်း




ဒီနေ့ချက်ဖြစ်တဲ့ ငါးဟင်းလေးပါ ငါးမြင်းဟင်းက စားလို့ကောင်းတဲ့ ငါးအမျိုးအစားထဲမှာ ပါပါတယ် ချက်တတ်ဖို့ဘဲလိုပါတယ် ငါးအသားက ထူတဲ့အတွက် ဆီသတ်တာနိုင်ရပါမယ် ဆီသတ်တာမနိုင်ရင် စားလို့မကောင်းဘဲ ပွစိစိနဲ့ဖြစ်နေတတ်ပါတယ် ဒါကြောင့်မို့ ဘယ်အသားဘဲချက်ချက် ဆီကိုကောင်းကောင်း သတ်ပေးသင့်ပါတယ်။

နောက်တစ်ခုက ငါးမြင်းက အကြေးခွံမပါဘဲ အရည်ခွံသက်သက်မို့ သူ့ကို မခုတ်မပိုင်းခင် အကောင်လိုက်ကို ဆားသို့မဟုတ် မကျီးသီးမှည့်နဲ့ နယ်ဖတ်ပြီး အရင်ဆေးပေးပါ အချွဲများကုန်သွားစေသလို အညှီနံ့လဲတော် တော် သက်သာစေပါတယ် ပြီးမှငါးကို လိုသလိုခုတ်ပိုင်းပေးပါ။

ဒီနေ့ချက်တဲ့ ငါးမြင်းအချဉ်ချက်လေးအတွက် အရသာနယ်ရန် ပြင်ပါမယ်

  • အနေတော်တုံးထားသောငါးမြင်း - 300g
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အချိုမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့ကို အားလုံးရောနယ်ပြီး ဆယ်မိနစ်လောက်နှပ်ထားပါ

ဟင်းချက်ရန်အတွက်
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ကြက်သွန်ဖြူ အမွှာကြီးကြီး၃မွှာ ချင်း လက်တစ်ဆစ် ကြက်သွန်နီ အနေတော် တစ်လုံး စပါးလင်အရိုး တစ်လက်မလောက်နှင့် ညက်နေအောင်ရောပြီးထောင်းပေးပါ
  • မကပ်သောအိုးကို မီးအပူပေးပြီးဆီ ထမင်းစားဇွန်း ၃ဇွန်းလောက်ထဲ့ပါ
  • ငါးမြင်းက အဆီပါတဲ့ငါးဖြစ်တဲ့အတွက် ဆီအများကြီးထဲ့ရန်မလိုပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးနှင့် အမွှေးနံ့သာများကို ဆီသတ်နံ့သင်းလာအောင် ကြော်ပေးပါ
  • ဆီသတ်နံ့သင်းလာတာနဲ့အရသာနယ်ထားသောငါးကို ထဲ့ပြီဆီသတ်ပါ ဆီသတ်စဉ် ငရုတ်သီးမတူး စေရန် ငါးအရသာနယ်ထားသော ဇလုံကို ရေနဲနဲနဲ့ကျင်းပြီးထဲ့ပေးပါ
  • အိုးကို မကြာမကြာလှုပ်ပေးပြီး ငါးအသားများ အရောင်ပြောင်းပြီး မာလာတာနဲ့ မကျီးသီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာနှင့်ရေမြုပ်အောင်ထဲ့ပြီးတည်ပေးပါ
  • ငါးအသားများ မကြေစေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ရေခမ်းပြီးဆီပြန်ကာနီး နံနံပင်သို့မဟုတ်ရှမ်းနံနံသို့မဟုတ်ကြက်သွန်မိတ်တို့ကို အနေတော်ပိုင်းဖြတ်ကာ အုပ်ပေးပြီး အရသာအတွက် အပေါ့အငံမြည်းပြီး လိုတာပြင်ပေးပါ
  • ဆီပျံတာနဲ့ငါးမြင်းဟင်းအချဉ်ဆီပျံဟင်းမွှေးမွှေးလေးကို သုံးဆောင်လို့ရပါပြီ။

No comments:

Post a Comment