Friday 4 October 2019

ငါးမြင်းငါးဆားနယ်ကြော်


ငါးမြင်းခုတ်သားတွေ ၀ယ်ထားပြီး အချဉ်ဆီပြန်ချက်လိုက် ကြော်စားလိုက်နဲ့ ရိုးလာသလို ဖြစ်လာတော့ ငါးဆားနယ်လုပ်ပြီး ငရုတ်သီးစပ်စပ်လေးနဲ့ ကြော်စားလိုက်တော့ မြန်မာပြည်က ဆောင်းဦးအချိန်မှာ ငါးဆားနယ် ငါးပိကောင်ကြောင်တို့နဲ့ ထမင်းစားရတာကို အပြေးကလေးတော့ လွမ်းမိသားပေါ့ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြင်းခုတ်သား - 500 g
  2. ဆားကြမ်း - ထမင်းစားဇွန်း၃ဇွန်းမောက်မောက်
  3. ကြက်သွန်ဖြူ - ၁၀မွှာ
  4. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လိုသလောက်
ငါးဆားနယ်လုပ်ရန်
  1. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်းတို့
  2. ငါးမြင်း 500 g ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ
  3. ပန်းကန်ပြား တစ်ချပ်ခံပြီး ဆားနယ်ထားသောငါးများကို စီပြီးထဲ့ပေးပါ
  4. ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ဖိထားပါ
  5. ရိုးရိုးအိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ
  6. ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ငါးဆားနယ်ရပါပြီ
ကြော်ရန်အတွက်
  • ငါးဆားနယ်ကို ဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ
  • ဆီကို မီးအလယ်အလတ်လောက်နဲ့အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်အနည်းငယ်ထဲ့ပေးပါ
  • ငါးကိုထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
  • ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးရှော့ကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ငရုတ်သီးလုံးခြမ်းကွဲကို ထဲ့မွှေပါ
  • ငရုတ်သီးကြော်ထဲကို ဟင်းချိုမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ ကြော်ထားတဲ့ ငါးဆားနယ်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ
  • ငါးဆားနယ်ကြော်ကိုလဲ ငရုတ်သီးကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ 
  • ထမင်းမိန်စေတဲ့ ငါးဆားနယ်ကြော် စပ်စပ်မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment