Wednesday 18 April 2018

မှိုအစပ်ကြော်






မှိုဆိုရင် ဘယ်လိုချက်ချက် အရမ်းကြိုက်တတ်တဲ့အတွက် ငယ်ငယ်က ခြံထဲသွားတိုင်း ဖက်သွပ်မှိုတွေ ပေါက်နေတာ တွေ့တာနဲ့ ငရုတ်သီးစိမ်းတွေခူး ပင်စိမ်းရွက်တွေခူးပြီး ကြော်စားကြတာ သတိရမိပြန်ပါတယ်။

ငစိန်ဆန် ထမင်းပူပူကို မှိုအစပ် ခြံဟင်းပူပူလေးနဲ့ လွေးခဲ့လေသမျှ တိုက်ဆိုင်တာတွေတွေ့တိုင်း ကလေးဘဝက လွမ်းစရာလေးတွေကို ပြန်ပြီး သတိရတတ်ပြန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတခါတော့ မောင်နှစ်တတွေ ခြံထဲမှာ စားခဲ့ကြတဲ့ ငရုတ်သီးစိမ်းနံ့ ပင်စိမ်းနံ့လေးတွေ မွှေးပြီးသင်းနေတဲ့ မှိုအစပ်ကြော် ရှုးရှဲဟင်းလေး ချက်ကြည့်ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Oyster mushrooms - 150 g
  2. ကြက်သွန်နီ - အနေတော် တခြမ်း
  3. ကြက်သွန်ဖြူ အမွှာကြီးကြီး - ၃မွှာ
  4. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  5. မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
  8. ပင်စိမ်းရွက် - မိမိနှစ်သက်သလောက်
  9. ဆီ - ထမင်းစားဇွန်း ၃ ဇွန်း

ပြင်ဆင်ပုံ
  1. မှိုကိုရေဆေးပြီး ခပ်ထူထူ အဖတ်လေးတွေရအောင် ထွင်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ထူထူလေး လှီးပေးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. ငရုတ်သီးစိမ်း မိမိစားနိုင်သလောက်ကို ရေဆေးပြီး အညှာခြွေကာ ညက်နေအောင် ထောင်းထားပါ
  5. ပင်စိမ်းရွက်ကို ရေဆေးထားပါ
  6. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  7. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  8. ဆီပူလာပါက ခပ်ထူထူ လှီးထားသော ကြက်သွန်နီ ထောင်းထားသော ကြက်သွန်ဖြူ နှင့်ထောင်းထားသော ငရုတ်သီးစိမ်းတို့ ထည့်ပေးကာ စက္ကန့် ၃၀ ခန့်ကြော်ပေးပါ
  9. ပြီးတာနဲ့ မျှင်ငါးပိထည့်ကာ လေးငါးချက်လောက် ကျေသွားအောင် မွှေကြော်ကြော်ပေးပါ
  10. ထိုဟင်း အနှစ်ထဲမှာ မှို နှင့် အရသာမှုန့်တို့ထည့်ကာ မှိုများကို အနည်းငယ်လေး နွမ်းရုံ ကြော်ပေးပါ
  11. ပြီးတာနဲ့ ပင်စိမ်းရွက်ထည့်ကာ  အရသာ သမသွားအောင် လေးငါးချက်လောက် မွှေပေးပါ
  12. မွှေးပြီးချိုငံစပ် အရသာစုံသော မှိုအစပ် အပျော့ကြော်ကို စားသုံးရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးနိုင်ပါပြီ။

No comments:

Post a Comment