Tuesday 17 April 2018

မှိုအစပ်ကြော်










ဒီနေ့တော့ မှိုလေးတွေ ဝယ်လာကာ အစပ်ကြော်လေး ကြော်ဖြစ်ပါတယ် မြန်မာပြည်မှာ ဆိုရင်တော့ မာမာ့တို့ အမေက ဖက်သွပ်မှိုနှင့် တောင်ပို့မှိုလေးတွေ လှိုင်လှိုင်ပေါ်ချိန်ဆို ကြော်လေ့ရှိကြပါတယ်။

မာမာကတော့ oyster မှိုလေးတွေနဲ့ဘဲ ကြော်ထားပါတယ် သတ်သတ်လွတ် ဟင်းတမယ် ရသလို စားပြီးရင်း စားချင်နေအောင် စွဲဆောင်မှု ကောင်းလွန်းတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး ဒါကြောင့်မို့လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Oyster mushrooms - 300 g
  2. ငရုတ်သီး လုံးခြမ်းခွဲ ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ဟင်းခတ်ဇွန်းကြီး ၂ဇွန်း
ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး အမွှာလေးတွေရအောင် ထွင်ထားကာ ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓားပြားရိုက်ထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  4. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အိုးကိုအပူပေးပါ
  6. ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ 
  7. ပြီးတာနဲ့ ရေစစ်ထားသောမှိုကို လက်ဝါးနှစ်ဖက်ကြားထည့်ကာ အားသန်သန်နှင့် ရေညှစ်ပေးပြီးမှ ဆီအိုးထဲကို ထည့်ပေးပါ
  8. မှိုကြော်နေစဉ် မကြာမကြာ မွှေပေးကာ မှိုမခြောက်တခြောက် အနေအထားရပါက ဆယ်ထားပါ
  9. မှိုကြော်သော ဆီထဲမှာဘဲ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့သွားအောင် ကြော်ပေးပါ
  10. ပြီးတာနဲ့ မီးအနေတော် လျှော့ပေးပြီး ငရုတ်သီးလုံးခြမ်းခွဲနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်မွှေပေးပါ
  11. ကြော်နေစဉ် ကြက်သွန်များနှင့် ငရုတ်သီးများ တူးမသွားစေရန် မကြာမကြာ မွှေပေးပါ 
  12. ငရုတ်သီးကြော် အနေတော် ဖြစ်ပြီဆိုတာနဲ့ ကြော်ပြီးဆယ်ထားသော မှိုကြော် ဆားနှင့် အရသာမှုန့်ကိုထည့်ပြီး မွှေပေးပါ
  13. ပြီးတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်နှင့် အဆက်မပြတ် မွှေပေးပါ
  14. မှိုလေးတွေခြောက်ပြီး မွှေးလာပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ဆွေမျိုးမေ့အောင် ကောင်းလွန်းတဲ့ မှိုအစပ်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment