Wednesday, 24 August 2016

မျှစ်ထောင်းအစပ်ကြော်










ဒီနေ့တော့ မျှစ်ကိုထောင်းပြီး မွှေးမွှေးစပ်စပ်လေးကြော်ကာ မျှစ်ထောင်းကြော် လုပ်ဖြစ်ပြန်ပါတယ် ဘာလချောင်ကြော်လိုဘဲ တာရှည်အထားခံပြီး နည်းနည်းဘဲ စားတာနဲ့ ထမင်းစားလို့ မိန်စေတဲ့ အရံဟင်းတမယ်ပါ။

ထိုင်းရိုးရာ အစာတွေကို အခြေခံပြီး လုပ်ထားတာမို့ အစပ်ဖက်ကို နွယ်ပါတယ် ဒါပေမဲ့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့အတွက် တာရှည်ခံ မျှစ်ထောင်းကြော်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နူးနေအောင် ပြုပ်ထားသော မျှစ်အဖူးအနု - 1kg
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ (အရသာနယ်ရန်နှင့် ဆီသတ်ရန်)
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း မောက်မောက်
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • နူးနေအောင် ပြုပ်ထားသော မျှစ်အဖူးအနုလေးများကို ခရင်းနဲ့ အမျှင်လေးများရအောင် ခြစ်ပေးပါ
  • ခြစ်ထားသော မျှစ်များကို ငရုတ်ဆုံထဲထည့်ပြီး ခပ်ကြမ်းကြမ်း ရအောင် ထောင်းပေးပါ
  • ထောင်းထားသော မျှစ်များကို ခပ်သေးသေးလေးတွေရအောင် ကပ်ကြေးဖြင့် ပန်းကန်ထဲမှာ ၁၅ချက်လောက် လိုက်ညှပ်ပေးပါ
  • ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးအရောင်တင်မှုန့် ငရုတ်သီးလုံးခြမ်းကွဲ ဆား နနွင်းမှုန့် ခနောကြက်သားမှုန့်တို့ကို ပြင်ထားပါ
  • ထောင်းထားသောမျှစ်များကို ထောင်းထားသော ကြက်သွန်ဖြူတ၀က် ငရုတ်သီးလုံးခြမ်းကွဲ ဆား ခနောကြက်သားမှုန့်တို့နှင့် အရသာဝင်အောင် နယ်ထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီထည့်ပြီး အိုးကိုအပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်နှင့်ကျန်နေသော ကြက်သွန်ဖြူထောင်း ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပြီး ကြော်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ အရသာနယ်ထားသော မျှစ်ကိုထည့်ကြော်ပါ
  • မျှစ်ထည့်ပြီးတာနဲ့ မီးကိုအနေတော်လျှော့ပြီး မျှစ်ကိုဆီပြန်လာတဲ့အထိ ကြော်ပေးပါ
  • ဆီကြွတ်ကြွတ်မြည်လာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အအေးခံထားပါ
  • မျှစ်ထောင်းကြော် အေးလာတာနဲ့ ဖန်ပုလင်း သန့်သန့်ထဲထည့်၍ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ကာ လနှင့်ချီပြီးထား၍ စားရသော မျှစ်ထောင်းအစပ်ကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment