Saturday 27 August 2016

ပဲနို့ စိမ့်စိမ့်လေး










ပဲနို့တွေ ၀ယ်သောက်တိုင်း ဈေးကြီးလေတော့ အိမ်မှာကိုယ်တိုင် ကျိုသောက်ဖို့ ပြင်ဆင်ရ ပြန်ပါတယ် ပြင်ဆင်နည်း အဆင့်လေးတွေ များသလို ကျိုရတာလဲ စိတ်တော့ ရှည်ဖို့လိုပါတယ်။

အဲဒီလိုပါဘဲ ကျိုပြီးပြန်တော့ အိုးတွေပန်းကန်တွေ ဆေးရတာ အတော်လေးတော့ အလုပ်ရှုတ်သားလို့ ပြောရမှာပါ။

နောက်ဆုံး ပြန်တွက်ကြည့်လိုက်တော့ ရေမီတာ မီးမီတာဖိုး အရမ်းဈေးကြီးတဲ့ နိုင်ငံမှာ ကျိုရတဲ့ မီးဖိုးရယ် ဆေးရကြောရတဲ့ ရေဖိုးရယ် ပြန်တွက်ကြည့်လိုက်ရင်တော့ အဆင်သင့် ၀ယ်သောက်ရတာက ပိုပြီးတန်ပါတယ်။

ဒါပေမဲ့လဲ သန့်သန့်ပြန့်ပြန့် လတ်လတ်ဆတ်ဆတ် သောက်ချင်သူတွေအတွက် မာမာပြင်ဆင်ထားတဲ့ ပြင်ဆင်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Soy Bean - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  2. ရေ - 800 ml 
  3. သကြား - လိုသလောက်

ပြင်ဆင်ပုံ
  • Soy Bean ပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ဇလုံတခုထဲထည့်ကာ ရေများများနှင့် တညသိပ် စိမ်ပေးထားပါ
  • နောက်နေ့မနက် ပဲများပွလာပါက ရေစိမ်အနံ့ သက်သာစေရန် ရေ၂ထပ်လောက် ဆေးပေးပါ
  • ဗလင်ဒါထဲကို ရေ၀နေသောပဲ တ၀က်ခွဲပြီး ရေ 300 ml နှင့်ရောထည့်ကာ တမိနစ်ကြိတ် တခါနားပြီး ၁၀မိနစ်လောက် ကြိတ်ပေးပါ
  • ကျန်နေသောပဲကိုလဲ ထိုနည်းအတိုင်း ကြိတ်ပေးပါ အားလုံးကြိတ်ပြီးတာနဲ့ ရေ 200 ml လောက်ထည့်ကာ ဗလင်ထဲက ပဲအနှစ်များကိုဆေးပြီး ကြိတ်ထားသော ပဲအနှစ်များထဲမှာ ရောထည့်ပေးပါ
  • အားလုံးကြိတ်ပြီးတာနဲ့ ပိတ်စပါးပါးကို နှစ်ထပ်ခံကာ အောက်ခြေအပေါက်ပါသော ဇကာသန့်သန့်ပေါ်မှာ ပိတ်စကိုခံပြီး လောင်းထည့်ပေးပါ
  • ပဲဖတ်များ မပါအောင် သတိထားပြီး စစ်ပေးပါ ပုံမှာပါသော ပိတ်စက အရမ်းပါးတဲ့အတွက် ရေညှစ်လျှင့် ပြဲသွားတတ်တဲ့အတွက် သတိထားပြီး ညှစ်ပေးပါ
  • ပဲရည်အနှစ်များ ကုန်သည်ထိ ညှစ်ချပေးပါ
  • ပြီးတာနဲ့ အိုးတလုံးထဲ ပြောင်းထည့်ပေးပြီး ကျိုပေးပါ
  • ကျိုနေစဉ် ဝေမကျအောင် သစ်သားယောင်းမကို အိုးပေါ်မှာ ကန့်လန့်တင်ပေးထားပါ
  • အိုးပေါ်တက်လာသော အမြုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ
  • ပဲရည်အိုး ပွက်ပွက်ဆူလာပါက မီးကိုအနေတော်လျှော့ပြီး မလိုင်ဖတ်များ တက်လာတဲ့အထိ ကျိုပေးပါ
  • ခပ်ပျစ်ပျစ် နှစ်သက်သက်ပါက ပဲနို့ကို 600 ml လောက်ရတဲ့အထိ ကျိုပေးပါ
  • ခပ်ကျဲကျဲလေး ကြိုက်ပါက ရေ 700 ml လောက် ကျန်အောင် ကျိုပေးပါ
  • ပဲနို့ရည် ရပါက သကြား အချိုအပေါ့ လိုသလို ထည့်ပြီး ဖျော်ပေး၍ သုံးဆောင်နိုင်ပါပြီ။
ပိုနေသော ပဲဖတ်ကို တချို့ကတော့ ဗယာကြော်လို ကြော်စားကြပါတယ် ဒါပေမဲ့ ဆီအရမ်းစုတ်ပြီး အရသာကုန်နေသော ပဲဖတ်များ ဖြစ်တဲ့အတွက် ကြော်စားလို့ အရသာ လုံးဝမကောင်းပါ လွှင့်ပြစ်လိုက်တာသာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ။

No comments:

Post a Comment