Tuesday, 30 August 2016

မုန့်လက်ကောက် နှစ်ပြန်ကြော်







အပြင်မသွားဖြစ်တဲ့ ရက်တွေတိုင်း အိမ်မှာမြန်မာမုန့်လေးတွေ လုပ်စားရတာ အင်မတန် ပျော်ဖို့ကောင်းပါတယ် ဒီနေ့တော့ မုန့်လက်ကောက်ကို နှမ်းဖြူ ထန်းလျှက်ရည်လေးနဲ့နယ်ပြီး အရသာ တမျိုးယူကာ ကြော်ထားပါတယ်။

ကောက်ညှင်းမုန့်လက်ကောက်ဆိုရင် ကြော်ပြီးတာနဲ့ ပျော့သွားတယ်လို့ ပြောတတ်ကြပါတယ် ကောက်ညှင်းတို့ရဲ့ ထုံးစံမို့လို့ မုန့်လုပ်ရင် ပျော့တတ်တာ သဘာဝပါဘဲ မပျော့အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အကြိမ်ကြိမ် စမ်းသပ်လိုက်တာ ဒီတခါတော့ အောင်မြင်သွားပါပြီ။

မုန့်လက်ကောက်ကို မီးအရမ်း မပြင်းစေဘဲ မီးအနေတော်နဲ့ ပထမတခါကြော်ပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်၍ အအေးခံကာ နောက်တကြိမ် မီးအနည်းငယ် ထပ်လျှော့ပြီး မီးအေးအေးနဲ့ ပြန်ပြီးကြော်ပေးခြင်းဖြင့် ကောင်ညှင်းမုန့်လက်ကောက် ကြွတ်ကြွတ် မွမွကြော်လေး ရလာပါလိမ့်မယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံး၎နာရီမှ ၅နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ် ဖြစ်နိုင်ရင်တော့ မုန့်လက်ကောက်ကို မုန့်သားစပ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ်ထားပြီးမှ ကြော်တာအကောင်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိကို ဆီပူမထိရလေအောင် မုန့်သားသေအောင် ထားပြီးမှ ကြော်တာက အကောင်းဆုံးပါဘဲ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့ရှင်။


ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ရေကျက်အေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  3. ဆီ - လိုသလောက် သုံးပေးပါ
  4. ထန်းလျှက်ခဲ - 200 g
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကောက်ညှင်းမှုန့်စပ်ရန်နှင့် ထန်းလျှက်ရည်ကျိုတဲ့အထဲ ထည့်ရန်)
  7. ထန်းလျှက်ရည်ကျိုပြီးသား - ထမင်းစားဇွန်း သုံးဇွန်း
  8. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ထည့်ထားပါ
  • ရေကို အိုးတလုံးထဲမှာထည့်ပြီး ပွက်ပွက်ဆူလာအောင် အပူပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲကို ကျိုထားသောရေ နည်းနည်းချင်း ထည့်ပေးကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပျော့အမာအပေါ် မူတည်ပြီး ရေကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန်ရေကို အကုန်မထည့်ဘဲ ချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို အနည်းဆုံး ၄နာရီကျော် ၅နာရီလောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တစ်ဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေး ရတာနဲ့ ထိပ်စ၂ဖက်ကို အ၀ိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ မုန့်ကွင်းကို တခုချင်း ထည့်ကြော်ပေးပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • ဒါကြောင့်မို့လို့ မီးအနေတော်နဲ့ ကြော်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ရွှေဝါရောင်သို့ ပြောင်းသွားပြီး ကျွတ်လာပါက ဆယ်ပြီး ဆီစစ်ဇကာထဲထည့်ကာ ဆီစစ်ပေးပါ
  • ထိုနည်းအတိုင်း မုန့်သားအားလုံးကုန်အောင် ကြော်ပေးကာ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ကြော်ထားသော မုန့်လက်ကောက်များ အေးလာပါက ဆီကို မီးအနည်းငယ် ထပ်လျော့ကာ အပူပေးပါ
  • ဆီပူလာမှ မုန့်လက်ကောက်များကို တခုခြင်းစီ အိုးဆန့်သလောက်ထည့်ပေးကာ ထပ်ကြော်ပေးပါ
  • ကြွတ်ရွလာတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ကာဆီပြန်ပြီး စစ်ပေးထားပါ
  • မုန့်လက်ကောက် ကြော်နေစဉ် တဖက်ကျက်လာရင် တဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး တစ်ခုလုံး ကျွတ်လာပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးပါ။
ထန်းလျှက်ရည်ကျိုရန်
  • အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲ ဆားနှင့် ရေကိုထည့်ပြီး မီးအနေတော်နှင့် ထန်းလျှက်ခဲ ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက ထန်းလျှက်ရည်ကို ဆက်တိုက်မွှေပေးပါ
  • ပြီးတာနဲ့ ပိတ်ပါးစထဲထည့်ကာ အမှိုက်များ စစ်ပေးပါ
  • အမှိုက်စစ်ထားသော ထန်းလျှက်ရည်ကို အိုးသန့်သန့် တစ်လုံးထဲ ပြန်ထည့်ပြီး ထန်းလျှက်ရည် ပျစ်လာတဲ့အထိ ပြန်ကျိုပေးပါ
  • ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • ကြွက်မြှီးတန်း အနေအထားလောက်ရရင် အအေးခံပြီးပါက နှစ်ပြန်ကြော် မုန့်လက်ကောက် မွှေးမွှေးလေးနှင့်တို့ပြီး စားသုံးရန် ပြင်ဆင်ပေးလို့ ရပါပြီ။

No comments:

Post a comment