Friday, 19 August 2016

ငါးမုတ် အချဉ်ဆီပြန်



မြန်မာပြည်မှာ တွေ့ရတတ်တဲ့ ငါးမုတ်ဆိုရင် များသောအားဖြင့် ကြော်ပြီးနှပ်စားကြတာ များပါတယ် ငါးအသားက နည်းနည်းပွပြီး သိပ်မညက်တဲ့အတွက် ကြော်စားတာက ပိုပြီးအဆင်ပြေနိုင်ပါတယ်။

ဒါပေမဲ့ ဒီနိုင်ငံမှာ တွေ့ရတတ်ပြီး ငါးမုတ်နဲ့တော်တော်လေး တူတဲ့ငါးတမျိုးရတာနဲ့ အချဉ်ဆီပြန် ချက်စားကြည့်တာ အရမ်းကိုကောင်းနေပါတယ်။

ဒီနေ့တော့ ငါးမုတ်ကို ခုတ်ထစ်ပြီး သန့်စင်ပြီးသား အဆင်သင့်ချက်ရုံ ဗူးလေးတွေနဲ့လာတာကို ဆီနိုင်နိုင်သတ်ပေးပြီး မကျည်းမှည့်ရည်အုပ်ကာ အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးမုတ် - 1000g
  • ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်း
  • မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ငါးအရသာနယ်ရန်

  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးမုတ်ကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ

ဟင်းချက်ရန်

  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ထည့်ပြီး ဆီပြန်တဲ့အထိတည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးမုတ်ဆီပြန်ဟင်းလေးရပါပြီ။



No comments:

Post a Comment