Tuesday, 16 August 2016

နို့စိမ်း ခေါက်ဆွဲ









မြန်မာပြည်ကို လွမ်းမိတိုင်း ဘုရားတွေ ဖူးချင်တာရယ် မိသားစုတွေရယ်အပြင် အရင်ဆုံး တမ်းတမိတာက မနက်စောစော စားလေ့ရှိတဲ့ ပူပူလူလူ အုန်းနို့ခေါက်ဆွဲလေးပါဘဲ။

ဒီနေ့တော့ စားချင်စိတ်ကို ရှေ့တန်းတင်ကာ အုန်းနို့မပါဘဲ နို့စိမ်းနဲ့ ချက်ဖြစ်သွားတဲ့ နို့စိမ်းခေါက်ဆွဲ ချက်နည်းလေး မျှဝေလိုက်ပါတယ် ၆ပွဲစာဘဲမှန်းပြီး ချက်ထားတာမို့လို့ စားမဲ့သူ အရည်အတွက်ပေါ် မူတည်ပြီး လိုတိုးပိုလျော့လုပ်ကာ ချက်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200g
  • ကြက်တောင်ပံရိုး - 200g
  • ခေါက်ဆွဲအစို - 750g
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ( ကြက်သားပြုပ်ထဲ အရသာထည့်ရန်)
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး ( ခေါက်ဆွဲနှင့် စားရန်)
  • ကြက်သွန်နီ - အလုံးလတ် ၃လုံး ( ကြက်သား ဆီသတ်ရန်)
  • ကြက်သွန်နီ - အလုံးသေး ၁၀လုံး (ဟင်းရည်ထဲ ထည့်ရန်)
  • ကြက်သွန်ဖြူ -အမွှာကြီးကြီး ၂မွှာ
  • နံနံပင် - လိုသလောက် 
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • သံပုရာသီး - လိုသလောက်
  • ဆန်ပြား အကြွတ်ကြော် - လိုသလောက်
  • ခေါက်ဆွဲ အကြွတ်ကြော် - လိုသလောက်
  • ကြက်ဥ - ၈လုံး
  • နို့စိမ်း - 400ml
  • ကုလားပဲ အစိမ်းမှုန့် - ထမင်းစားဇွန်း ၈ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၈ဇွန်းခန့်
ခေါက်ဆွဲပြုပ်ရန်
  • ခေါက်ဆွဲအစိုကို အနည်းငယ်ပျော့စေရန် ရေဆူဆူထဲမှာ တမိနစ်ခန့်ပြုပ်ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ
အကြွတ်ကြော် ကြော်ရန်
  • ဒယ်အိုး ခပ်ကြီးကြီးထဲကို ဆီထည့်ပြီ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပြီးမှ ဆန်ပြားများကို ထက်ဝက်ပိုင်းပြီး အနည်းငယ်စီ ထည့်ကြော်ပါ
  • ထည့်ပြီးတာနဲ့ အကျက်ညီစေရန် အထက်အောက် ၂ချက်လောက် လှန်ပေးပါ
  • ဆန်ပြားများ ပွတက်လာတာနဲ့ ခပ်မြန်မြန်လေး ဆယ်ပေးပါ
  • ထိုနည်းအတိုင်း ဆန်ပြားလိုသလောက်ကို ကုန်အောင် ကြော်ပေးပါ
  • ခေါက်ဆွဲခြောက် အကြွတ်ကြော်ကိုလဲ ဆီထဲ မိနစ်ဝက်လောက် ထည့်ပြီးပြန်ဆယ်ကာ ဆီစစ်ထားပါ
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားနှင့် ကြက်ရိုးများကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က် အချိုမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း  ဆား လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ထားပါ
  • ပြုပ်ထားသော ကြက်သားဖဲ့လို့ရလောက်တာနဲ့ ကြက်ရင်ပုံသားကို ဆယ်ပြီး ကြက်ရိုးအိုးထဲ ရေ၃လီတာလောက် ထပ်ထည့်ကာ မီးအေးအေးနဲ့ တည်ထားပါ
  • ပြုပ်ပြီးသော ကြက်ရင်ပုံသားကို အနေတော် အသားတုံးလေးတွေရအောင် မွှထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီအနေတော် ၂လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် သေးသေးလေးတွေ လှီးထားပါ
  • နို့စိမ်းဗူးကို အဆင်သင့် ပြင်ထားပါ
  • ကုလားပဲမှုန့်ကို ရေ 500ml နှင့်ဖျော်ထားပါ 
  • ဟင်းရည်အိုးထဲထည့်ရန် ကြက်သွန်နီ ဥအသေးကို အခွံခွာပြီး ရေဆေးထားပါ
  • ခေါက်ဆွဲနှင့် စားရန် ကြက်သွန်နီ အလုံးကြီး၂လုံးကို အခွံခွာပြီး ပါးပါးလှီး၍ ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ငံပြာရည် အကြော် ငရုတ်သီးမှုန့်နှင့် သံပုရာသီးတို့ကို ပြင်ထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်ဥ ၂လုံးကို ဟင်းရည်အိုးထဲ ထည့်ရန် ခပ်ပါးပါး လှီးထားပါ
  • အကြွတ်ကြော်များ ပြင်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာတာနဲ့ ကြက်သွန်များ ထည့်ကြော်ပါ
  • ကြက်သွန်များ  ရွှေဝါရောင်သန်းလာလျှင် နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့် ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ကြော်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ပြီးထွင်ထားသော  ကြက်သားနှင့် ငါးငံပြာရည်ကို ထည့်ပြီးမွှေကြော် ကြော်ပေးပါ
  • ဟင်းအိုး ဆီပြန်လာတာနဲ့  ကြက်ပြုတ်ရည်အိုးထဲသို့ လောင်းထည့်ကာ မီးအားပြင်းပြင်းနှင့်  တည်ထားပါ
  • ဟင်းရည်အိုး ဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပြီး သကြား ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း  ငံပြာရည် လက်ဖက်ရည်ဇွန်း  ၃ ဇွန်း နှင့် ပဲမှုန့်ဖျော်ထားသော အရည်ကိုလောင်းည့်၍ ပဲများ မခဲစေရန် အဆက်မပြတ် ၅ မိနစ်ခန့် မွှေပေးပါ
  • ပြီးတာနဲ့ ပါးပါးလှီးထားသော ကြက်ဥနှင့် နို့စိမ်းဗူးကို လောင်းထည့်ပြီး မီးကိုအနေတော်သို့ လျှော့ပေးကာ အိုးအဖုံး မဖုံးပဲ ၁၅ မိနစ်ခန့် ဆက်တည်ထားပေးပါ
  • ပဲရည်များ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပြီး အရသာမြည်း၍ လိုသလိုပြင်ကာ မီးပိတ်ပေးပါ


တပွဲစာ ပြင်ရန်

  • နှစ်သက်ရာ ပန်းကန်တခုထဲမှာ ပါဝင်ပစ္စည်း အားလုံးကို စားနိုင်သလောက် ထည့်ပြီး နို့စိမ်းဟင်းရည် ဆမ်းပြီး သံပုရာရည် ညှစ်ကာ စားသုံးနိုင်ပါတယ်။

No comments:

Post a Comment