Sunday 19 March 2017

ငါးခူ ကြာဇံချက်



ကြာဇံချက်လို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိတာက ကြက်သားနဲ့ ချက်တာပါဘဲ မာမာကတော့ ရေခဲသေတ္တာရှင်းရင်း ငါးခူတစ်ထုတ် ထွက်လာတာနဲ့ ငါးခူကိုပြုပ်ပြီး ချက်လိုက်ပါတယ် ငါးအချိုနဲ့ ကြက်သားအချိုက မတူပါဘူး ကြာဇံချက်မှာ ငါးအချိုက ပိုပြီးလေးပင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတခါ မာမာပြင်ဆင်ပြီး ငါးခူနဲ့ချက်ထားတဲ့နည်းလေးကို မျှဝေလိုက်ပါတယ် ငါးခူအစား ငါးရံ့ ငါးကျည်း ငါးမြစ်ချင်း ငါးချင်းတို့နဲ့ အဆင်ပြေစွာ ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် – 200 g
  2. ငါးခူ – 400 g
  3. ကြက်သွန်နီ - ခပ်သေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
  4. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (အချဉ်တည်ရန်)
  5. ကြက်သွန်နီ အနေတော် တစ်လုံး (ဆီသတ်ရန်)
  6. ကြက်သွန်ဖြူ သုံးမွှာ (ဆီသတ်ရန်)
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက် (အချဉ်တည်ရန်)
  8. သံပုရာသီး - သုံးလုံးခန့် (အချဉ်တည်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အချဉ်တည်ရန်)
  10. ဂေါ်ဖီ - တစ်စိတ်ခန့် (အချဉ်တည်ရန်)
  11. နံနံပင် - စားနိုင်သလောက်
  12. မှိုခြောက် – 30 gခန့်
  13. ပဲလိပ်ခြောက် – 30 g
  14. ပန်းခြောက် – 30 gခန့်
  15. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ရန်)
  16. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  17. ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  18. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ဇွန်း
  19. အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  20. ဆီ – ထမင်းစားဇွန်း လေးဇွန်း
  21. ကြက်သွန်ဖြူ  - လေးမွှာ (ဟင်းရည်အနံ့အတွက် သုံးရန်)
  22. ငရုတ်ကောင်း - ၁၀စေ့ခန့် (ဟင်းရည်အနံ့အတွက် သုံးရန်)

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီကို အခွံခွာ၍ ပါးပါးလှီးကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ဆားနှင့် သံပုရာသီး တစ်ခြမ်းကို ပြင်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သွန်နီ ငရုတ်သီးစိမ်း ဂေါ်ဖီ ဆားနှင့် သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ပြီး နယ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • သံပုရာသီးကို အလုံးလိုက် ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
  • ငါးငံပြာရည်ကို ပြင်ထားပါ

 ပြင်ဆင်ပုံ

  1. ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို ဇလုံတစ်လုံးစီမှာ ရေမြုပ်အောင် စိမ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  4. ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  5. ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  6. ဇောက်နက်သော အိုးထဲမှာ ရေ(၄လီတာ)ထည့်ပြီး ငါးများကို ပြုတ်ထားပါ
  7. ငါးအသားများ နူးလာလျှင် ငါးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ငါးများကို ပြန်ဆယ်၍ အအေးခံပြီး အသားများ ထွင်ပေးပါ
  8. ငါးအရိုးများကို ထောင်းပြီး အရည်ငင်ကာ အရိုးများကို ဖယ်ပြီး အရည်များကို ငါးပြုပ်ရည်အိုးထဲသို့ ဇကာခံပြီး လောင်းထည့်ကာ ရောပြီးထည့်ထားပါ
  9. ဒယ်အိုးထဲ ဆီနှင့် နနွင်းမှုန့်ထည့်ပေးပါ
  10. ဆီပူလာမှ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်ကိုထည့်ပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  11. ဆီသတ်နံ့ သင်းလာတာနဲ့ အရိုးထွင်ထားသော ငါးအသားများကို ထည့်ပေးပါ
  12. ငါးဖတ်လေးများ အနံ့သင်းလာတာနဲ့ မီးပိတ်ပေးပါ
  13. ရေစိမ်ထားသော ပန်းခြောက် မှိုခြောက် ပဲလိပ်ခြောက် ငါးဆီသတ်တို့ကို အဆင်သင့် ပြင်ထားပါ။
ဟင်းရည်ချက်ရန်

  1. ငါးပြုတ်ရည်အိုးကို ရေဆူအောင် ပြန်တည်ပေးပါ
  2. ရေဆူလာလျှင် ငါးဆီသတ် ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိတ်ခြောက် တို့ကိုထည့်ပြီး ရေဆူလာအောင် တည်ပေးပါ
  3. ဟင်းရည် အရသာအတွက် ငါးငံပြာရည် ဆား အချိုမှုန့် ကြက်သွန်နီတို့ကို ထည့်ပြီ သမအောင် မွှေပေးပါ
  4. ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီးပါက ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
  5. ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပြီး သံပုရာသီး ဂေါ်ဖီချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်မဲ့ ငါးခူကြာဇံချက် ပူပူစပ်စပ် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment