Monday 6 March 2017

Creamme ​ခေါက်ဆွဲ




ဒီတခါတော့ အုန်းနို့အစား Creamme ထည့်ပြီးချက်ထားတဲ့ ခေါက်ဆွဲဟင်းရည်လေး ချက်ဖြစ်ပြန်ပါတယ် အုန်းနို့အစားထိုးပြီး ထည့်တာကလွဲရင် ချက်နည်းကတော့ အုန်းနို့ခေါက်ဆွဲ ချက်နည်းအတိုင်းပါဘဲ။

အုန်းနို့မစားရဲတဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေစေပြီး အရသာတမူ ထူးခြားစေတဲ့အတွက် ချက်စားချင်တဲ့အခါ အဆင်သင့် ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 200 g
  2. ကြက်တောင်ပံရိုး - 200 g
  3. ခေါက်ဆွဲအစို - 1 kg
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  6. အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( ကြက်သားပြုပ်ထဲ အရသာထည့်ရန်)
  7. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း ၃ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  10. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး ( ခေါက်ဆွဲနှင့် စားရန်) ခပ်ပါးပါးလှီးထားပါ
  11. ကြက်သွန်နီ - အလုံးလတ် ၃လုံး ( ကြက်သား ဆီသတ်ရန်)
  12. ကြက်သွန်နီ - အလုံးသေး ၁၀လုံး (ဟင်းရည်ထဲ ထည့်ရန်)
  13. ကြက်သွန်ဖြူ -အမွှာကြီးကြီး ၄ မွှာ
  14. နံနံပင် - လိုသလောက် 
  15. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  16. သံပုရာသီး - လိုသလောက်
  17. ဆန်ပြား အကြွတ်ကြော် - လိုသလောက်
  18. ခေါက်ဆွဲ အကြွတ်ကြော် - လိုသလောက်
  19. ကြက်ဥ - ၈လုံး
  20. creamme နို့ဆီ - 400 ml
  21. ကုလားပဲ အစိမ်းမှုန့် - ထမင်းစားဇွန်း ၈ဇွန်း
  22. ဆီ - ထမင်းစားဇွန်း ၈ဇွန်းခန့်

ခေါက်ဆွဲပြုပ်ရန်
  • ခေါက်ဆွဲအစိုကို အနည်းငယ် ပျော့စေရန် ရေဆူဆူထဲမှာ တစ်မိနစ်ခန့်ပြုပ်ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ

အကြွတ်ကြော် ကြော်ရန်
  • ဒယ်အိုး ခပ်ကြီးကြီးထဲကို ဆီထည့်ပြီ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပြီးမှ ဆန်ပြားများကို ထက်ဝက်ပိုင်းပြီး အနည်းငယ်စီ ထည့်ကြော်ပါ
  • ဆီအိုးထဲ ထည့်ပြီးတာနဲ့ အကျက်ညီစေရန် အထက်အောက် ၂ချက်လောက် လှန်ပေးပါ
  • ဆန်ပြားများ ပွတက်လာတာနဲ့ ခပ်မြန်မြန်လေး ဆယ်ပေးပါ
  • ထိုနည်းအတိုင်း ဆန်ပြားကို လိုသလောက်ကို ကုန်အောင် ကြော်ပေးပါ
  • ခေါက်ဆွဲခြောက် အကြွတ်ကြော်ကိုလဲ ဆီထဲမှာ မိနစ်ဝက်လောက်ထည့်ပြီး ပြန်ဆယ်ကာ ဆီစစ်ထားပါ
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားနှင့် ကြက်ရိုးများကို ရေဆေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း  ဆား လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ထားပါ
  • ပြုပ်ထားသော ကြက်သားဖဲ့လို့ရလောက်တာနဲ့ ကြက်ရင်ပုံသားကို ဆယ်ပြီး ကြက်ရိုးအိုးထဲ ရေ၃လီတာလောက် ထပ်ထည့်ကာ မီးအေးအေးနဲ့ တည်ထားပါ
  • ပြုပ်ပြီးသော ကြက်ရင်ပုံသားကို အနေတော် အသားတုံးလေးတွေရအောင် မွှထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီအနေတော် ၂လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် သေးသေးလေးတွေ လှီးထားပါ
  • creamme ကို အဆင်သင့် ပြင်ထားပါ
  • ကုလားပဲမှုန့်ကို ရေ 500 ml နှင့်ဖျော်ထားပါ 
  • ဟင်းရည်အိုးထဲထည့်ရန် ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ခေါက်ဆွဲထဲ ထည့်စားရန် ကြက်သွန်နီ အလုံးကြီး၂လုံးကို အခွံခွာပြီး ပါးပါးလှီး၍ ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • ငံပြာရည် အကြော် ငရုတ်သီးမှုန့်နှင့် သံပုရာသီးတို့ကို ပြင်ထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်ဥ ၂လုံးကို ဟင်းရည်အိုးထဲ ထည့်ရန် ခပ်ပါးပါး လှီးထားပါ
  • အကြွတ်ကြော်များကို ပြင်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာတာနဲ့ ကြက်သွန်များ ထည့်ကြော်ပါ
  • ကြက်သွန်များ  ရွှေဝါရောင် သန်းလာလျှင် နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့် ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ကြော်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ပြီးထွင်ထားသော  ကြက်သားနှင့် ငါးငံပြာရည်ကို ထည့်ပြီးမွှေကြော် ကြော်ပေးပါ
  • ဟင်းအိုး ဆီပြန်လာတာနဲ့  ကြက်ပြုတ်ရည် အိုးထဲသို့ လောင်းထည့်ကာ မီးအားပြင်းပြင်းနှင့်  တည်ထားပါ
  • ဟင်းရည်အိုး ဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပြီး သကြား ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း  ငံပြာရည် လက်ဖက်ရည်ဇွန်း  ၃ ဇွန်း နှင့် ပဲမှုန့်ဖျော်ထားသော ပဲရည်ကိုလောင်းထည့်၍ ပဲများ မခဲစေရန် အဆက်မပြတ် ၅ မိနစ်ခန့် မွှေပေးပါ
  • ပြီးတာနဲ့ ပါးပါးလှီးထားသော ကြက်ဥနှင့် creamme ကို ထည့်ပေးပြီး မီးကိုအနေတော်သို့ လျှော့ပေးကာ အိုးအဖုံး မဖုံးပဲ ၁၅ မိနစ်ခန့် ဆက်တည်ထားပေးပါ
  • ပဲရည်များ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပြီး အရသာမြည်း၍ လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • ခေါက်ဆွဲစားရန် စားပွကိုတော့ မိမိနှစ်သက်သလို ပြင်ပေးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment