Monday 27 March 2017

သတ်သတ်လွတ် ကြာဇံကြော်



တစ်ပါတ်တစ်ရက် သတ်သတ်လွတ် စားတတ်တဲ့ သမီးငယ်လေးအတွက် ဒီနေ့တော့ ဆန်ကြာဇံကို သတ်သတ်လွတ်လေး ကြော်ဖြစ်ပါတယ် သတ်သတ်လွတ် စားသူတွေ အဆင်ပြေစေဖို့မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်ကြာဇံ - 150 g
  2. ပန်းဂေါ်ဖီ - အခက်ကြီးကြီး နှစ်ခက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ပဲငံပြာရည်အကြည် ထမင်းစားဇွန်း - တစ်ဇွန်း
  5. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ

  1. ဇလုံတစ်လုံးထဲမှာ ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီလောက် စိမ်ထားပါ
  2. ကြာဇံကြော်ရန် အဆင်သင့်ဖြစ်ပါက ရေစိမ်ထားသော ကြာဇံကို ရေဆေးပြီး ရေစစ်ထားပါ
  3. ပန်းဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  4. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ဇလုံတစ်လုံးထဲမှာ ဆား ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီမွှေးနှင့် အရသာမှုန့်တို့ကို သမအောင် မွှေထားပါ
  7. ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  8. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  9. ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  10. ကြက်သွန်ဖြူနံ့ မွှေးလာပါက မုံလာဥနီနှင့် ပန်းဂေါ်ဖီတို့ကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  11. အသီးအရွက်များ ထည့်ပြီးတာနဲ့ ရောပြီး မွှေထားသော အရသာ အရည်ကို ထည့်ပေးကာ အသီးအရွက်များ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
  12. ပြီးတာနဲ့ ကြာဇံထဲ့ပြီး မွှေပေးကာ ကြာဇံပျော့လာတဲ့အထိ မွှေပေးပါ
  13. အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ 
  14. အရသာ ပြင်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်ကိုထည့်ပြီး အားလုံးကို အရသာ သမအောင် ရောမွှေကာ မီးပိတ်ပေးပါ။
  15. အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့  ဆန်ကြာဇံကြော်လေးကို မိမိနှစ်သက်သလို ပြင်ဆင်ပေးလို့ ရပါပြီ။

No comments:

Post a Comment