Monday, 13 March 2017

ဆိတ်နှစ်လုံးဆီပြန်


ဒီနေ့တော့ ဆိတ်နှစ်လုံးကို အမွှေးအကြိုင် ခပ်များများနဲ့ ချက်ဖြစ်ပါတယ် ထမင်းနဲ့စားလို့ အဆင်ပြေသလို ပေါင်မုန့်နဲ့စားရင်လဲ အဆင်ပြေတဲ့ ဟင်းလေးဖြစ်တာကြောင့် ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ဆိတ်နှစ်လုံး - အနေတော် ၂ခု
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • စပါးလင် - အရွက်များပါသော အပင်၂ပင်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ကရဝေးရွက် - သုံးရွက်
  • ဖာလာ - တခု
  • လေးညှင်း - တပွင့်
  • သစ်ဂျပိုးခေါက် - တလက်မခန့်
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အခြောက် - ၅တောင့်
ပြင်ဆင်ပုံ
  • ဆိတ်နှစ်လုံးကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော နှစ်လုံးကို ဆား ဟင်းခတ်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ပျော့သွားအောင် ရေစိမ်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထုံးထားသော စပါးလင် ကရဝေးရွက် သစ်ဂျပိုးခေါက် လေးညှင်း ဖာလာတို့ကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော နှစ်လုံးတို့ကို ထည့်ပြီးမွှေပေးပါ
  • နှစ်လုံးအပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ နှစ်လုံးများ နူးလာအာင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • နှစ်လုံးအသားနှုးလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ မီးကိုလျှော့ကာ ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်လာပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ အရသာရှိသော ဆိတ်နှစ်လုံးဟင်းဆီပြန် မွှေးမွှေးလေးကို စားပွဲပြင်ပေးပါ။

No comments:

Post a Comment