Wednesday 1 March 2017

သံပုယိုသီး ဆားရည်စိမ် အခြောက်လှမ်း









မာမာတို့ ငယ်ငယ်က ကျောင်းမှာ၀ယ်စားနေကျ ရှောက်သီးဆေးပြား အရသာလေးလို စားလို့ကောင်းပြီး ခံတွင်းရှင်း အမူးအမော်ပြေကာ အစာကျေလွယ်တဲ့ သံမယိုသီးဆားစိမ် အခြောက်လှမ်းနည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သံပုယိုသီး - ၈လုံးခန့်
  2. ဆား - ထမင်းစားဇွန်း ၅ဇွန်းခန့်
သံပုယိုသီး ဆားရည်စိမ်ရန်
  1. သံပုယိုသီးကို အလုံးလိုက် ရေဆေးပြီး ရေစင်အောင်သုပ်ကာ အောက်ခြေထိ မပြတ်အောင် ၄စိတ်လှီးပေးပါ
  2. စိတ်ထားသော အစိတ်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာစီ သိပ်ပေးပါ
  3. အားလုံးပြီးလျှင် လေလုံပြီး သန့်နေသော ပုလင်းထဲ သံပုယိုသီးများကို ဆားသိပ်ထားသော အစိတ်များကို အပေါ်ဖက်မှာ ထောင်ထားပြီး စီထည့်ပေးပါ
  4. အဖုံးကိုလေလုံအောင်ပိတ်ပြီး အခန်းအပူချိန်နှင့် အနည်းဆုံး ၅ရက်၆ရက်လောက် ထားပေးပါ
  5. ရေထည့်စရာမလိုဘဲ ဆားရည်များပျော်ပြီး အရည်များ ထွက်လာကာ သံပုယိုသီးများ အိလာရင် ရပါပြီ။

သံပုယိုသီး အခြောက်လှမ်းရန်
  • ဆားရည်စိမ်ထားသော သံပုယိုသီးများကို ဇလုံတစ်လုံးထဲ သွန်ချကာ အစိတ်လေးများ ရအောင် ခွာလိုက်ပါ
  • စကောတချပ်ထဲမှာ သံပုယိုသီးစိတ်လေးများ ဖြန့်ထည့်ပြီး နေပူပူမှာ လှမ်းပေးပါ
  • ပထမတစ်ရက် လှမ်းပေးပြီးပါက အသားများ အနည်းငယ် ခြောက်လာပြီ ဆိုတာနဲ့ အစိတ်ခပ်သေးသေးလေးတွေ ရလာအောင် ကပ်ကြေးနှင့် ညှပ်ပေးကာ နေထပ်လှန်းပေးပါ
  • နောက်ထပ် လေးရက်လောက် နေပူပူမှာ လှန်းပေးပြီးပါက အအေးခံကာ ဖန်ပုလင်း သန့်သန့်ထဲမှာ ထည့်ပြီး သိမ်းထားနိူင်ပါပြီ
  • မူးဝေခြင်း အစာမကျေခြင်း ပျို့အန်ခြင်း တို့နှင့် ခံတွင်းရှင်းစေရန် ငုံထားပေးခြင်းဖြင့် သက်သာစေတဲ့ သံပုယိုသီးခြောက်လေးများကို မိမိနှစ်သက်တဲ့အချိန် စားနိူင်အောင် သိမ်းထားလို့ ရပါပြီ။

1 comment:

  1. ကျေးဇူးတင်ပါတယ် ဆရာမခင်ဗျား။

    ReplyDelete