Thursday 9 March 2017

သတ်သတ်လွတ် ပဲကုလားဟင်း





ဒီနေ့တော့ သတ်သတ်လွတ်စားမဲ့ သမီးလေးအတွက် ပဲနဲ့အာလူးကို သတ်သတ်လွတ် ချက်ပါတယ် ပလာတာနဲ့စားကြမှာမို့ ပလာတာလေးလဲကြော်ကာ အချဉ်လေးလဲပြင်ရင်း ပဲကုလားဟင်း အလွယ်ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  4. အာလူး - အနေတော် ၃လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း (ဟင်းဆီသတ်ရန်)
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ကုလားလေးမဆလာ - တစ်ထုတ်
  13. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  14. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  15. သံပုရာသီး - တစ်လုံး
  16. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  17. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  18. ပူစီနံ - နှစ်သက်သလောက်

တွဲဖက်စားရန်ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါးလှီးပေးပါ
  • လှီးပြီးသော ကြက်သွန်များကို ရေတထပ် နယ်ပြီးဆေးပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
  • သံပုရာသီးကို အနေတော် စိတ်ပေးထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • အာလူးကို အခွံခွာပြီး သင့်သလိုလှီးကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသောအာလူးများ ဆား အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီဆက်ပြီးသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အာလူး နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေးမဆလာကို ထည့်ပြီးမွှေပေးပါ
  • မဆလာနံ့ မွှေးနေသော သတ်သတ်လွတ်ပဲဟင်း အရည်သောက်ဆမ်းကို ပလာတာနှင့်ဖြစ်စေ ထမင်းနဲ့ ဖြစ်စေ အဆင်ပြေသလို ငရုတ်သီးအလှော်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အနေတော် လှီးထားသော ငရုတ်သီးစိမ်း ပူစီနံနှင့် သံပုရာညှစ်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment