Friday 3 March 2017

အမဲသား တောချက်ဟင်း


ဒီနေ့တော့ ဈေးကနေ ဝယ်လာတဲ့ အမဲသား အတိုအစလေးတွေ အရိုးနုလေးတွေ အမဲဝမ်းတွင်းသားလေးတွေရယ်ကို ရောပြီးတော့ တောချက် ဆီပြန်ဟင်းလေးတစ်မယ် ချက်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အမဲသားအစုံ -1 kg
  2. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  5. ချင်း - လက်တစ်ဆစ် သာသာသာ
  6. စပါးလင် - တစ်ပင်
  7. ပျဉ်းတော်သိမ်းရွက် - သုံးခက်ခန့်
  8. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြငိဆင်ပုံ
  • အစုံပါသော အမဲသားကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေစင်အောင် ဆေးထားကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးမှုန့် ချင်း ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် စပါးလင်တို့ကို ညက်နေအောင် ထောင်းပေးပါ
  • ပိုနေသော စပါးလင်အပင်ကို ရေဆေးပြီး အထုံးလေး ထုံးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး အရွက် ခြွေထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ ထည့်ပေးပါ
  • ပါဝင်ပစ္စည်းများ အားလုံးကိုထည့်ပြီး အရသာဝင်အောင် ရောနယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အထက်အောက် သမအောင် မွှေပေးပါ
  • မွှေပြီးတာနဲ့ အဖုံးအုပ်ကာ ပြန်တည်ပေးပါ
  • ပထမဆုံး ထည့်ထားတဲ့ လုံးရည်ခမ်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
  • ပထမတစ်ရည် ခမ်းအောင်တည်ပေးပြီး အသားနူးမနူး မြည်းပေးပါ
  • အသားမနူးသေးပါက ရေထပ်ထည့်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့ အရသာမြည်ပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် ဆက်တည်ပေးပါ
  • ဆီမပြန်ခင် အိုးမကပ်စေအောင် မကြမကြာ မွှေပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက မီးပိတ်ပေးပါ
  • အရသာရှိပြီး မွှေးပျံ့နေတဲ့ အမဲသားအစုံ တောချက်ဆီပြန်ဟင်းကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment