Thursday, 16 March 2017

ခရမ်းသီး မီးဖုတ်ကြော် မွှေးမွှေးလေး


ဒီနေ့တော့ သတ်သတ်လွတ် ဟင်းတမယ်အဖြစ် ပြင်ဆင်ပေးနိုင်ပြီး ထမင်းမိန်စေမဲ့ ခရမ်းသီးမီးဖုတ်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာ ထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ထဲထည့်ပြီး ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • ဖုတ်ထားသော ခရမ်းသီးကို ဇလုံတခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပါ
  • ဆီပူပါက ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ထည့်ကာ မိနစ်ဝက်ခန့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲ နှင့် ဆားတို့ကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခရမ်းသီးမီးဖုတ်ကိုထည့်ပြီး တမိနစ်ခန့် ကြော်ပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငရုတ်ကောင်းနံ့ သင်းပျံ့နေတဲ့ ခရမ်းသီးမီးဖုတ်ကြော် မွှေးမွှေးလေးကို သတ်သတ်လွတ်ဟင်းတမယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment