Thursday, 23 March 2017

မြင်းခွာရွက်​ဟင်းခါး မွှေးမွှေးလေး


မိုးကလေး တဖြိုက်နှစ်ဖြိုက် ရွာလာတာနဲ့ မြင်းခွာရွက်တွေ ထွက်လာခဲ့လေပြီ ဒီတော့လဲ ကြော်စား သုပ်စား ဟင်းခါးချက်သောက်နဲ့ ဟင်းတမယ်ကတော့ ရပြန်တာပါဘဲ။

ဒီနေ့တော့ မိုးအေးအေးနဲ့ မြင်းခွာရွက်ဟင်းခါး ချက်ဖြစ်လေတော့ ကလေး၂ယောက်မွေးချိန်မှာ တမုန်းသောက်ခဲ့ရတာ ပြေးလို့သတိရမိတယ် ကလေးတနှစ်ပြည့်တဲ့အထိ မနက်ည ပုံမှန်သောက်ရပေမဲ့ မမုန်းတဲ့ အစာတခုဖြစ်ခဲ့သလို အအခုလဲ ပူပူလူလူလေး သောက်ချင်နေမိတုန်းပါဘဲ။

ပါဝင်ပစ္စည်း

  • လတ်ဆတ်နေသော မြင်းခွာရွက် - နှစ်သက်သလောက်
  • ငါးခူ  - တကောင်
  • ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး နှစ်လုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ငါးခူကို ဆူးတောင်ခုတ် မလိုတာတွေဖယ်ပြီး ဆားကြမ်းကြမ်းနှင့် နယ်ပေးပါ 
  • ဆားနှင့်နယ်ပြီးပါက ရေနှင့်စင်အောင်ဆေးလိုက်ပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူနှင့် ဆား ငံပြာရည်ထမင်းစားဇွန်း တဇွန်းနှင့်ရေကို မြုပ်တယ်ဆိုရုံလေး ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ ငါးကိုအအေးခံပြီး အရိုးအသား နွှင်လိုက်ပါ
  • အရိုးများကို ဖယ်လိုက်ပြီး အသားကို ငါးပြုပ်အိုးထဲ ပြန်ထည့်ပေးပါ
  • ငါးပြုပ်အိုးထဲကို ငံပြာရည်နှင့် ရေထည့်ပြီး ဆူအောင် တည်ပေးပါ
  • ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူကိုရောပြီး မညက်တညက် ထောင်းပေးထားပါ
  • မြင်းခွာရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ ထွက်သွားစေရန် မချက်ခင် ရေနာရီဝက်လောက် ကြိုပြီးစိမ်ထားပါ
  • ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါ၍ဆေးပေးပါ
  • ဟင်းရေအိုး ရေဆူလာပါက ရေဆေးထားသော မြင်းခွာရွက်နှင့် ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်လိုက်ပါ
  • အရွက်နှင့် ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန် ဟင်းရည်အနံ့ မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံး အလုံဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ် သောက်ကာနီးမှ ဟင်းရည်အိုးကို ပြန်နွှေးပြီးသောက်ပါ။

No comments:

Post a Comment