Sunday 26 March 2017

ခရမ်းချဉ်သီး ကြက်ဥကြော်


မာမာတို့နေတဲ့ Rockhampton မြို့လေးမှာ တနင်္လာနေ့ မုန်တိုင်းလာမယ်ဆိုတဲ့ သတင်းက ကိုယ်တွေနေတဲ့မြို့ကို မုန်တိုင်းက ဝင်မယ်မဝင်ဘူး  မသေချာပေမဲ့ ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ရ ပြန်ပါတယ်။

ဟိုလှုပ်လှုပ် ဒီလှုပ်လှုပ် လုပ်နေရင်းက ပင်ပန်းလာခဲ့ပြီမို့ ဟင်းလဲမချက်ချင် အဲဒါနဲ့ဘဲ ထမင်းနဲ့လိုက်ဖက် သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းမယ်ထင်တဲ့ ကြက်ဥနဲ့ ချယ်ရီခရမ်းချဉ်သီးလေးတွေ ရောသမမွှေလို့ ကြော်ရပါတော့တယ်။

ပြင်ဆင်ရတာ မြန်သလို ကြော်ရတာလဲ မြန်တဲ့အတွက် ဟင်းတစ်မယ် အမြန်ချက်နိူင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးအတွက် မျှေ၀လိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - သုံးလုံး
  2. ချယ်ရီ ခရမ်းချဉ်သီး - ဆယ်လုံး 
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်န
  7. နွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကြက်ဥကို ဆား အရသာမှုန့်တို့ထည့်ပြီး ခေလာက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်၀က်ခြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥခလောက်ထားသော ပန်းကန်ထဲကို လှီးထားသော ခရမ်းချဉ်သီးများထည့်ပြီး မွှေပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခလောက်ထားသော ကြက်ဥကို ထည့်မွှေကာ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းသွားပါက  ကြက်ဥမွှေကြော်ကို နောက်တစ်ဖက်လှန်ပြီး ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ ကျက်လာလျှင် ဟင်းပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးကာ သုံဆောင်နိုင်ပါပြီ။

No comments:

Post a Comment