Thursday 21 January 2021

ကြက်သား ပုဇွန်ကြိတ်သားကြော်


 ဒီနေ့တော့ သားအမိတစ်တတွေ နေ့လည်ခင်း စကားပြောရင်း ဘာလုပ်စားရင် ကောင်းမလဲ တွေးမိသွားတယ် ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ ပုဇွန်ထုတ်လေး ငါးကောင်ရယ် ကြက်ရင်ပုံသားလေး တစ်ခြမ်းရယ်  ထုတ်ပြီးသားလေး တွေ့တာနဲ့ နှစ်မျိုးလုံးကို ရောကြိတ်ပြီး ကြော်ဖြစ်သွားပါတယ်။


ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်ပြီး စကားလေး တပြောပြောနဲ့ သူ့ကျောင်းအကြောင်းတွေ ပြောလိုက်ကြ မိသားစု ကျန်းမာရေး အကြောင်းလေးတွေ ပြောလိုက်ကြ ကြက်သားလုံး ပုဇွန်ကြိတ်ကြော်လေး  စားလိုက်ကြနဲ့ မွရွပြီး စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားနဲ့ နည်လေးးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား -200 g
  2. ပုဇွန်ထုတ် -150 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ -အ​နေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. နှမ်းဆီမွှေး -လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. အကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ကြက်ဥ - တစ်လုံး
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥကို ပန်းကန်ထဲ ဖောက်ထည့်ပြီး အကာကိုဘဲ သုံးပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်သား ပုဇွန်ထုတ် ဆား အရသာမှုန့် ခရုဆီ ကြက်သွန်ဖြူ နှမ်းဆီ ငရုတ်ကောင်းမှုန့် ကြက်ဥအကာနှင့် အကြော်မှုန့်တို့ကို ကြိတ်စက်ထဲမှာထည့်ပြီး ညပ်နေအောင် ကြိတ်ပေးပါ
  • ကြိတ်လို့ပြီးတာနဲ့ ဇလုံထဲကို ပြောင်းထည့်ပေးပြီး လှီးထားသော ကြက်သွန်နီနှင့် ရောနယ်ပေးပါ
  • နယ်ပြီးတာနဲ့ လက်ကိုရေစွတ်ပြီး မိမိစိတ်ကြိုက် အနေတော် အလုံးလေးတွေ လုံးပေးပါ
  • အနေတော် ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီးမှ ကြက်သားလုံးလေးတွေကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားလုံး တစ်လုံးလုံး ရွှေအိုရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကြက်သားလုံးများ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ရေနွေးကြမ်းလေးသောက်ရင်း စားဖို့အတွက် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment