Monday 4 January 2021

မုန့်ညှင်းစိမ်း မျှစ်ချဉ်ရည်ဟင်း



အခုရက်ထဲ COVID 19 ဗိုင်းရပ်စ်ကို ကြောက်တာနဲ့ အပြင်မထွက်တော့ဘဲ အရင်တစ်ပါတ်က ဝယ်ထားတဲ့ မုန့်ညှင်းစိမ်းလေးတွေရယ် မျှစ်လေးတွေရယ်ကို ရောကာ ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ်။

မျှစ်ဆိုရင် ဘယ်လိုချက်ချက် အရမ်းကြိုက်လွန်းလို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းစိမ်း - ၇ပင်ခန့်
  2. မျှစ်နုပြုပ်ပြီးသား - ငါးပင်ခန့်
  3. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငါးဖယ်ငဆုတ် - ကြော်ပြီးသား ဆယ်ခုခန့်

ပြင်ဆင်ပုံ
  • မုန့်ညှင်းစိမ်းကို တစ်ပင်ချင်း ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မျှစ်နုပြုပ်ပြီးသားကို ရေဆေးပြီး  အကွင်းလိုက်လေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • ငါးဖယ်ငဆုတ်ကို ကြော်ပြီး အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့် အနှစ်ကို ပြင်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ မုန့်ညှင်းစိမ်းရွက်များ လှီးထားသော မျှစ်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ငါးဆုတ်ကြော်ကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်း​ြမိန်စေတဲ့ မျှစ်မုန့်ညှင်းစိမ်း ချဉ်ငံစပ် အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

No comments:

Post a Comment