Tuesday 15 August 2023

ချဉ်ငံစပ် အပ်မှို အရည်သောက်ဆမ်း

 


မာမာ ဒီနေ့တော့ အပ်မှိုလေးတွေကို အရည်သောက်ဆမ်းလေး ချက်ပါတယ် ချက်ရတာ အရမ်းကို လွယ်ကူပါတယ် ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အပ်မှို - 250 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  10. မျှင်ငါးပိ - အနည်းငယ်
  11. နံနံပင် - မိမိနှစ်သက်သလောက်
  12. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • မှိုကိုရေဆေးပြီး မထူမပါးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ငရုတ်သီး ကြက်သွန်ထောင်း ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မှိုကိုထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ သံပုရာရည်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ အပ်မှိုအရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment