Monday 14 August 2023

ကြက်ခြေထောက် အရည်သောက်ဆမ်း

 


မာမာ ဒီနေ့တော့ ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ချဉ်ငံစပ် အရည်သောက်ဆမ်းလေး ချက်ပါမယ် ကြက်ခြေထောက်တွေကို မချက်ခင် ကြက်ခြေထောက်တွေမှာ ရတတ်တဲ့ အနံ့ကိုတော့ သေသေချာချာ ပျောက်သွားအောင်တော့ ဆေးပေးစေချင်ပါတယ်။
ကြက်ခြေထောက် အရည်သောက်ဆမ်း ဟင်းလေးက လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ခြေထောက် - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပါ
  5. စပါးလင် - တစ်ပင်
  6. ရှောက်ရွက် - လေးရွက်
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. မျှင်ငါးပိ - အနည်းငယ်
  13. နံနံပင် - မိမိနှစ်သက်သလောက်
  14. ဆား ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ခြေထောက်ဆေးရန်)
  15. သံပုရာသီး - တစ်လုံး (ကြက်ခြေထောက်ဆေးရန်)
  16. သံပုရာသီး တစ်လုံး (ဟင်းအိုးထဲထည့်ရန်)

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်ခြေထောက် ဆားနှင့် သံပုရာရည်တို့ထည့်ကာ ငါးမိနစ်ခန့် နယ်ပေးပါ
  • ​ကြက်ခြေထောက်မှ အနံ့များ ပျောက်လောက်တဲ့အထိ နယ်ပေးပြီးတာနဲ့ ရေနှင့် ဆယ်ထပ်လောက် ဆေးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • စပါးလင်ကို ရေဆေးပြီး အပင်လိုက်ကို အနည်းငယ်ထုပြီး အထုံးလေး ထုံးထားပါ
  • ရှောက်ရွက်ကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးငါးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ငရုတ်သီး အရောင်တင်မှုန့် စပါးလင် ရှောပ်ရွက် ငရုတ်သီးစိမ်းတို့နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်ခြေထောက်များကို ထည့်ပေးကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • နောက်ထပ် ရေပွက်ပွက် ဆူလာတာနဲ့  အိုးအဖုံးကို အနည်းကာ ဟပေးကာ ကြက်ခြေထောက်များ နူးတဲ့အထိ တည်ပေးပါ
  • ကြက်ခြေထောက်များ မနူးသေးပါက ရေထပ်ထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • ကြက်ခြေထောက်များ နူးလာအောင် တည်ပေးပြီးတာနဲ့ သံပုရာရည်ထည့်ကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ ချဉ်ငံစပ် ကြက်ခြေထောက် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment