Friday 4 August 2023

ငါးခူ မုံလာဥ ချဉ်ရည်ဟင်း

 


ဒီနေ့တော့ မုန့်လာဥဖြူနဲ့  ငါးခူတို့ကိုရောပြီး ချဉ်ရည်ဟင်း ဟင်းဝါလေး တစ်မယ် ချက်ပါတယ် ဟင်းဝါလေးလို့ ပြောရတာကတော့ ဟင်းချက်တဲ့အခါမှာ ငရုတ်သီး မထည့်ဘဲ နနွင်းမှုန့် အရောင်ကိုဘဲ သုံးပြီးချက်ထားတဲ့အတွက် ဟင်းဝါလေးလို့ ပြောခြင်းဖြစ်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့ကောင်းလို့ ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥဖြူ - ခပ်ကြီးပြီး တစ်ဥ (450 g)
  2. ငါးခူ - အနေတော် နှစ်ကောင်
  3. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်(ဟင်းချက်ရန်)
  11. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း (ဟင်းချက်ရန်)
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. မန်ကျည်သီးမှည့် - ထမင်းစားဇွန်းတစ်ဇွန်း ( ငါးဆေးရန်)
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးဆေးရန်)

ပြင်ဆင်ပုံ
  • ငါးခူကို ဆူးတောင်များ ခုတ်ကာ ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးခူထည့်ထားသော ဇလုံထဲကို မန်ကျည်းသီးမှည့်နှင့် ဆားတို့ထည့်ကာ ငါးခူမှ အချွဲများကုန်တဲ့အထိ နယ်ပေးပါ
  • နယ်ဖတ်ပြီးတာနဲ့ ရေနှင့် ၇နှစ်ထပ်လောပ် ဆေးပေးပါ
  • ရေဆေးပြီးတော့မှ မထူမပါး အတုံးလေးတွေ တုံးပေးပါ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ငါးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥဖြူ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။


No comments:

Post a Comment