Wednesday 16 August 2023

မျောက်ငိုသီး ငါးပိချက်





အခုရက်ထဲ ရာသီဥတုက အေးလွန်းသလို မိုးကလဲ အဆက်မပြတ် ရွာနေလေတော့ ချဉ်ငံစပ်လေးတွေ စားမှဘဲ ထမင်းက စားလို့မြိန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မျောက်ငိုသီးလေးတွေနဲ့  ငါးငပိချက်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မျောက်ငိုသီး ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. မျောက်ငိုသီး - မိမိနှစ်သက်သလောက်ထည့်ပါ
  3. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  4. ကြက်သွန်နီ - အနေတော် သုံးလုံး (ခပ်ပါးပါး လှီးရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ခပ်နုတ်နုတ် လှီးရန်)
  6. ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
  7. ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
  8. ငရုတ်သီးစိမ်း - စားနိူင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
  9. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ခြစ်ယူပေးပါ
  • မျောက်ငိုသီးကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာသေးသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးနှစ်မျိုးစလုံးကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးအသားကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် နှင့် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ မျောက်ငိုသီးကို ထည့်မွှေပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • က ကတစ်ငါး နဲ့ချက်တဲ့ မျောက်ငိုသီး ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. Thank you Ma Mar! Just for those living out of country: Stink bean, also known as parkia speciosa, sataw (สะตอ), petai beans.

    ReplyDelete