Saturday 5 August 2023

ငှက်ပျောသီးစိမ်း ကုလားဟင်း






ဝါတွင်းကာလ သတ်သတ်လွတ် အရန်ဟင်း ချက်ဖို့အတွက် မနက်က စျေးသွားတော့ အေးရှန်းဆိုင်ဘက်ကို ရောက်သွားခဲ့ပါတယ်။

လတ်လတ်ဆတ်ဆတ် သီးနှံတွေကြားထဲက ရှားရှားပါးပါး ရတာတဲ့ ငှက်ပျောသီး အစိမ်းလေးတွေနဲ့ ငှက်ပျောသီး ကုလားဟင်း အရည်သောက်ဆမ်း ချဉ်ငံစပ်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ငှက်ပျောသီးစိမ်း - ၇လုံး
  2. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  4. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (မထည့်လဲရ)
  5. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ 
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  12. ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  14. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • မန်ကျီးသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ငှက်ပျောသီးကို အပေါ်ယံ အခွံမှာရှိတဲ့ အကြောလေးတွေကို ရှပ်ပြီးခွာကာ ထိပ်၂ဖက်ကို ဖြတ်ပေးကာ ရေဆေးပြီး သင့်သလို လှီးကာ ရေ၁၅မိနစ်လောက် စိမ်ထားပါ
  • ပြီးတာနဲ့ အနေတော် အစိတ်လေးများလှီးကာ ရေဆေးပြီး ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ဇီယာစေ့နှင့် ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ငှက်ပျောသီး ဆား ငါးငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ငှက်ပျောသီးများ အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ငှက်ပျောသီး နူးအောင်တည်ပေးပါ
  • အသီးများ နူးလာတာနဲ့  ရေလိုသလောက်ထည့်ကာ ရေစိမ်ထားသော မန်ကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မန်ကျည်းရည်ကို ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလိုပြင်ကာ မဆလာ ထည့်မွှေပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ ငှက်ပျောသီး ပဲကုလားဟင်း အရည်သောက်ဆမ်းကို  ထမင်းပူပူလေးနှင့် တွဲဖက်ပြီး သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment