Monday 21 December 2015

တမာချဉ်


တမာရွက်နု

မကျည်းသီးမှည့်ကို ရေစိမ်ထားပါ

နနွင်းကို ရေဖျော်ထားပါ

ပြုပ်ပြီးသော တမာရွက်ကို ရေနှင့် ၂မိနစ်လောက် 
စိမ်ထားပေးပါ

နနွင်းရည် မကျည်းသီးမှည့်တို့နှင့် စိမ်ပေးပါ

ပြင်ဆင်သောအခါ မကျည်းသီးများ ဖယ်ပေးပါ

တမာချဉ်နှင့် လိုက်ဖက်သော ဘဲဥချဉ်ရည်ဟင်း


တမာချဉ်လို့ အသံကြားလိုက်တာနဲ့ မာမာတို့ငယ်ဘ၀လေးကို အရမ်းလွမ်းမိပါတယ် စည်းကမ်းကြီးတဲ့ အမေ့အမ အကြီးဆုံး အပျိုကြီး ကြီးကြီးရဲ့လက်ပေါ်မှာ ကြီးခဲ့တာမို့ အိမ်မှုကိစ္စကို အသက်အရွယ်အလိုက် နိုင်သလောက် လုပ်ကြရပါတယ်။

ပိုဆိုးတာက မိန်းကလေးဆို အိမ်မှုကိစ္စကို ပိုပြီးသင်ပေးသလို သင်တဲ့အတိုင်း လုပ်လဲလုပ်ရပါတယ် ထမင်းချက် ဟင်းချက်အပြင် ၆ဧကကျော်ကျယ်တဲ့ ခြံဝင်းထဲက ထွက်သမျှ အသီးအနှံကို ရာသီချိန်တိုင်း အသုံးဝင် တာရှည်ခံအောင် ပြင်ဆင်နည်းများကို သင်ပေးတတ်တာမို့ ဒီနေ့ထိ ကြီးကြီး သင်ပေးတာတွေ အားလုံးက မာမာ့အတွက် လိုသလို အသုံးချနိုင်ခဲ့ပါတယ်။

ဒီနေ့တော့ တမာချဉ်လုပ်နည်းလေး မျှဝေချင်ပါတယ် တမာရွက် အနုလေးတွေ ခူးခွင့်ပေးတဲ့ အမ မမေကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

တမာချဉ် လုပ်နည်းလေးက သိပြီးသူတွေ အတွက်တော့ အရမ်းကို လွယ်ပါတယ် မသိသေးသူတွေအတွက် အိမ်လုပ်တမာချဉ် သန့်သန့်လေး စားနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. တမာရွက်အနု - ၈ခက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. တမာရွက် အနုလေးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  2. မကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တလုံးစာလောက်နှင့် စိမ်ထားပါ
  3. မကျည်းသီးမှည့်အစား ဇီးသီးခြောက်ကို ရေစိမ်ပြီးတော့လဲ သုံးနိုင်ပါတယ်
  4. နနွင်းကို ရေ အနည်းငယ်နှင့် ဖျော်ထားပါ
  5. အားလုံး အဆင်သင့်ဖြစ်တာနဲ့ ရေ၂လီတာလောက်ကို ဆူအောင်တည်လိုက်ပါ
  6. ရေ ပွက်ပွက်ဆူလာတာနဲ့ တမာရွက်ကို ရေနွေးထဲ မြုပ်အောင် တစ်မိနစ်လောက် ထည့်လိုက်ပါ
  7. အရွက်ပြုပ်ချိန် မကြာရပါ ပြုပ်ချိန်ကြာပါက အရွက်များ အရမ်းနူးပြီး စားမကောင်းတော့သလို ရိုးတံနဲ့အရွက်များ တခြားစီ ဖြစ်ကုန်တတ်ပါတယ်
  8. ပြီးတာနဲ့ ရေနွေးထဲကနေဆယ်ပြီး ရေအေးနှင့်ဆေးပြီး ရေ၂မိနစ်လောက် ရေစိမ်ထားပေးပါ
  9. အရွက်များ အေးသွားနဲ့ ရေများစင်အောင် လက်နှင့်အသာအယာ ဆုတ်ပြီးညှစ်လိုက်ပါ
  10. ရေစင်တာနဲ့ နနွင်းရည်ထဲ စိမ်ပေးပါ
  11. နနွင်းစိမ်ပြီးတာနဲ့ မကျည်းရည်ထဲ ထည့်စိမ်ပေးပါ
  12. အားလုံး ပြင်ဆင်ပြီးတာနဲ့ တမာချဉ်ကို ချက်ခြင်း သုံးဆောင်နိုင်သလို ဖန်ပုလင်းထဲထည့်ပြီး လေလုံအောင်ပိတ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲထည့်ပြီး လိုသလောက်ယူ၍ စားသုံးနိုင်ပါတယ်
  13. တမာချဉ်က ချက်ခြင်းကြီး ချဉ်တာမို့ အချဉ်မကြိုက်ပါက မကျီးသီးမှည့်ကို အနည်းငယ် လျှော့ပြီးထည့်ပေးပါ။

No comments:

Post a Comment