Saturday 5 December 2015

ပဲတီချဉ်









ဒီတခါတော့ ငပိချက် ငံပြာရည်ချက် ငပိရည်တို့နဲ့ အရမ်းလိုက်ဖက်တဲ့ ပဲတီချဉ် အချဉ်တည်နည်း မျှဝေပေးလိုက်ပါတယ် အချဉ်တည်ရတာ မခက်ခဲလှပါဘူး။

ဒါပေမဲ့ အချဉ်ထည့်မဲ့ ပုလင်းက တခြား ဘာမှမထည့်ဖူးတဲ့ ပုလင်းသန့်သန့်နဲ့ အချဉ်တည်ဖို့တော့ လိုပါတယ် ထိုပုလင်းကိုဘဲ နောက်တခါ အချဉ်ထည့်ရင် ပြန်သုံးနိုင်အောင် ရေစင်အောင်ဆေးပြီး ပုလင်းကို တခြားဘာမှ မထည့်ဘဲ သန့်သန့်လေး ထားသင့်ပါတယ်။

အချဉ်တည်ရန် ပါဝင်ပစ္စည်းများ

  1. ပဲပင်ပေါက် - အနေတော် ဇကာတစ်လုံး
  2. ဆန်ဆေးရည် - 4 cups
  3. ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
  4. အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ

အချဉ်ရည်တည်ပုံ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • အငံ ခပ်လေးလေး ဖြစ်မဖြစ် လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့ နူံးအတိုင်း ထည့်ပေးပါ
  • ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
  • ပဲပင်ပေါက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
  • အချဉ်တည်မည့် ပုလင်းထဲမှ ထမင်းများကို ဇွန်းနဲ့ခပ်ပြီး ဖယ်ပေးပါ
  • ထမင်းများ မဖယ်ဘဲ ထည့်လဲရပါတယ်
  • ရေစစ်ထားသော ပဲပင်ပေါက်ကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ကာ တညသိပ် ထားပြီးပါက နောက်နေ့မနက်ဆို ပဲပင်ပေါက် အချဉ်ကို ရပါပြီ
  • ပဲပင်ပေါက် အချဉ် ရလာပါက တို့စရာနှင့် အသုပ် တစ်မျိုးမဟုတ် တစ်မျိုး မိမိတို့ နှစ်သက်သလို လုပ်စားနိုင်ပါပြီ။ 

2 comments:

  1. သိပ်ကြိုက်။
    ငရုတ်သီးလေးတွေကခြံထွက်လေးတွေထင်ရဲ့ လတ်နေတာဘဲ။
    အိုင်အိုရာ

    ReplyDelete
  2. ငရုတ်သီး သရက်သီးလေးတွေက ခြံထွက်လေးတွေလေ

    ReplyDelete