Friday, 29 May 2020

ဂဏန်း မဆလာဟင်း မွှေးမွှေးလေး




ဒီနေ့တော့ ဂဏန်းဟင်းကို မဆလာနဲ့ ချက်ဖြစ်ပါတယ် အော်စီက ဂဏန်းတွေက မြန်မာပြည်က ဂဏန်းတွေလောက် စားလို့မကောင်းသလို အသားလဲ အရမ်းမများလှပါဘူး ရေငံဂဏန်းတွေ ဖြစ်တဲ့အတွက် အချိုအရသာလဲ ပေါ့ပါတယ်။

ဒါပေမဲ့လဲ စိတ်ထဲက စားချင်စိတ်ပေါ်တိုင်း ဒီဂဏန်းဟင်းလေးတွေကိုဘဲ ချက်ဖြစ်ပါတယ် ဂဏန်းဟင်းလေးတွေ ချက်ဖြစ်တိုင်းလဲ ချက်နည်းနဲ့ ပါဝင်ပစ္စည်းလေးတွေ အနည်းငယ်ဆီ ကွဲပြားတဲ့အတွက် ဒီနေ့ချက်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ဂဏန်း  - ခပ်ကြီးကြီး သုံးကောင် 
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ  
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  10. မဆလာ - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ

  1. ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများကို အဆင့်ဆင့် ဖယ်ပေးပါ
  2. ဂဏန်းကို ပက်လက်လှန်လိုက်ကာ ရေယက်သော ဘတ်လတ်လေးတွေကို လှန်လိုက်ပြီး ကပ်ကြေးနှင့် ညှပ်ကာ ဖယ်ပေးပါ
  3. ဂဏန်းကို မှောက်ခုံ ပြန်ထားပြီးပါက အရှေ့ဖက်မှာ မျက်လုံးနေရာနှင့် သွားနေရာကို ကပ်ကြေးနှင့်ညှပ်ပြီး ဖယ်ပေးပါ
  4. အားလုံး သန့်စင်ပေးပြီးပါက ဂဏန်းများကို ရေတစ်ထပ် ထပ်ဆေးပေးပါ
  5. သန့်စင်ထားသော ဂဏန်းများကို ဇလုံတစ်ခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်းမှုန့် အချိုမှုန့်တို့နဲ့ နယ်ထားပါ
  6. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  7. ပြီးတာနဲ့ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
  8. မဆလာ သံပုရာရည်နှင့် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ

  1. ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  2. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းကို ထည့်ပေးပြီး အထက်အောက် သမအောင် သုံးချက်လောက် ထည့်မွှေပေးပါ
  3. ဂဏန်းများ အရောင်ပြောင်း လာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပြီး အထက်အောက် လှန်ပေးပါ
  4. ဆီသတ်နံ့ မွှေးလာပြီ ဆိုတော့မှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  5. ရေမခမ်းခင် သံပုရာရည်ထည့်၍ သမအောင် မွှေပေးပြီး အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပြီး မဆလာ အုပ်ပေးပါ
  6. ရေခမ်းပြီး ဆီပြန်တာနဲ့ဂဏန်းဟင်းဆီပြန် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a comment