Monday 4 May 2020

ဘဲသား ဆန်ပြုပ်


ဒီနေ့တော့ ဆောင်းရာသီရဲ့အေးချမ်းတဲ့ဒဏ်ကို ခံနိူင်ဖို့အတွက် ဘဲသားနဲ့ ဆန်ပြုပ်လေး ပြုပ်ပါတယ် အရမ်းသောက်လို့ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆန်ပြုပ်ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ဘဲသား - အနေတော် တစ်စိတ်
  3. ကြက်သွန်နီ - ဥအသေး ဆယ်လုံး (ဆန်ပြုပ်ထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း လေးဇွန်း ( ဇွန်းတစ်၀က်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (တစ်၀က်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး၄မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
  8. ငရုတ်ကောင်းမှုန့် - လိုသလောက် ပြင်ပေးပါ
  9. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ဆန်ကိုထဲ့ပြီး ရေနှစ်ထပ်လောက် ဆေးပေးကာ ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
  • ဆန်လုံးများ ကျေလာအောင် ပြုပ်ပေးပါ
  • ဘဲသားကို အခြမ်းလိုက် ရေဆေးပေးပါ
  • ရေဆေးထားသော ဘဲသားကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ဘဲသားပြုပ်ထားစဉ် အပေါ်ယံကို တက်လာသော အမြှုပ်များကို ခပ်ခပ်ပြီး သွန်ပေးပါ
  • ဘဲသားအိုး ရေခမ်းတာနဲ့ ဘဲသားကို အသားမျှင်လေးတွေ ရအောင်ထွင်ထားပါ
  • ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  ဆီချက်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ပြင်ထားပါ
  • ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
  • ဆန်ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
  • ဆန်များနူးပြီ ဆိုပါက ရေကို မိမိလိုသလောက် ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ဘဲသားပြုပ်ထားတာကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့် နှစ်ဇွန်းကိုထဲ့ပြီး အရသာ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မိမိနှစ်သက်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက မီးနွေးနွေးနဲ့တည်ထားပါ
  • ပန်းကန်လုံးထဲမှာ ဘဲသားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ ငရုတ်ကောင်းမှုန့်  ကြက်သွန်ဖြူ ဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပေးပြီး သောက်နိူင်ပါပြီ။

No comments:

Post a Comment