Thursday 14 May 2020

ကြက်သားစင်းကောကြော်


ဒီနေ့တော့ ကြက်သားစင်းကော အချိုကြော်လေး ကြော်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဘေဘီမုန့်ညှင်း - တစ်ပင်
  6. တရုတ်နံနံ - နှစ်ခက်ခန့်
  7. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း 

ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ခပ်နုတ်နုတ်လေးတွေ စင်းပေးကာ ကော်မှုန့် ဆားအနည်းငယ် သကြား ထမင်းစားဇွန်း တစ်ဇွန်းတို့နှင့် အရသာ နယ်ထားပေးပါ
  • ကြက်သွန်နီကိုအခွံခွာပြီး ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ လှီးထားပါ
  • ဘေဘီမုန့်ညှင်းကို အပင်အရင်းပိုင်းလေးတွေဘဲယူပြီး ရေဆေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော်အရွယ် ပိုင်းဖြတ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာလျှင် သကြားကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • သကြားများ အရည်ပျော်ပြီး ညိုရောင်သန်းလာပါက ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့လေး သင်းလာပါက စင်းပြီးအရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသားများ မာလာပါက ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပေးကာ တည်ပေးပါ
  • ရေခမ်းပြီး ဆီသံကြားလာပါက အိုးအဖုံးဖွင့်ပေးပြီး ဘေဘီမုန့်ညှင်း အရင်းပိုင်းနှင့် မုံလာဥနီကို ထည့်ကြော်ပေးကာ သမအောင် မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ခရုဆီ ဆားနှင့် ပဲငံပြာရည်အနောက်ရည်တို့ကိုထည့်ပြီး အရသာ သမသွားအောင် မွှေပေးပါ
  • အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလိုပြင်ပေးကာ တရုတ်နံနံထည့်ပြီး မွှေပေးပါ
  • အားလုံးသမသွားပြီ ဆိုတာနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ကြက်သားစင်းကောကြော်လေး ရပါပြီ။

No comments:

Post a Comment