Monday 19 December 2016

သီးစုံ ပဲကုလားဟင်း


ဟင်းအသစ်လေးတွေ မချက်ဖြစ်တာလဲ ကြာခဲ့ပြီ ကျောင်းတစ်ဖက် အိမ်အလုပ်တစ်ဖက်နဲ့ ပြေးလွှားနေရလေတော့ ဖြစ်သလိုလေးတွေ စားရတဲ့ရက်က များလာခဲ့ပါတယ် ဒီနေ့တော့ သီးစုံပဲကုလားဟင်းလေး တစ်မယ်ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  4. အာလူး - အနေတော် ၃လုံး
  5. ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  6. ပန်းဂေါ်ဖီ - အခက်ကြီးကြီး ၃ခက်
  7. ပဲသီး - ၁၀တောင့်ခန့်
  8. မုံလာဥနီ - ဥကြီးကြီး တစ်ဥ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသီးအရွက် ဆီသတ်ရန်)
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း ( သို့မဟုတ်)
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းရည်ထဲထည့်ရန်)
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  14. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  15. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  16. ချင်း - လက်တစ်ဆစ်ရဲ့တစ်ဝက်
  17. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  18. ကုလားလေးမဆလာ - အထုတ်သေး တစ်ထုတ်
  19. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • အသီးအရွက်များနှင့် အာလူးကို သင့်သလိုလှီးကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ 
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသောအာလူးနှင့် အသီးအရွက်များ ဆား (သို့မဟုတ်) ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မာနေသော အသီးအရွက်များ နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေး မဆလာကို ထည့်ပြီးမွှေပေးပါ
  • အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲကုလားဟင်း အရည်သောက်ဆမ်းကို  သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment