Monday, 26 December 2016

ကြက်စဥကြော် မွမွလေး



ရာသီဥတု ပူနေလေတော့ ထမင်းစားက မမိန်ချင် ဒီတော့လဲ ကြံဖန်ပြီး ထမင်းစားမိန်အောင် ချက်ရပြန်တာပါဘဲ ဒီနေ့တော့ ကြက်သားကို ကြက်ဥအကာ တန်ပူရာမှုန့်တွေနဲ့ ရောသမလို့ ကြက်စဥလေး ကြော်လိုက်ပါတယ် ကြက်စဥကြော်နဲ့ ကြက်သားလုံး ကြာဇံဟင်းခါးနဲ့က လိုက်ဖက်တဲ့ ဟင်းလေးမို့လို့ ချက်စားကြည့်စေချင်ပါတယ်

ပါဝင်ပစ္စည်းများ

  • အရိုးထွင်ထားသောကြက်ပေါင် - 250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး (အဆင်ပြေမည့် တန်ပူရာမှုန့်ကို သုံးနိုင်ပါတယ်  )
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများတုံးပါ
  • ငရုတ်ကောင်း ကြက်သွန်ဖြူ ချင်းတို့ကို ညက်နေအောင် သတ်သတ်စီထောင်းပေးပါ
  • ကြက်ဥကိုအနှစ်ဖယ်ပြီး အကာကို ဖွးဖွားပါအောင် ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • နှစ်သက်ရာ တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ် ဖျော်ထားပါ
  • အရသာနယ်ထားသော ကြက်သားတုံးလေးများကို ခလောက်ထားသော ကြက်ဥအကာထဲမှာ လူးပေးပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့် အရသာနယ်ထားသော ကြက်သားကို ထဲ့ဖျော်ပေးပါ မုန့်နှစ် အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
  • ဆီကိုမီးအနေတော်နဲ့အပူပေးပါ ဆီပူလာပါက ကြက်သားကို တစ်တုံးခြင်း မုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
  • အတုံးလေးများ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်စဥကြော်ကို ဟင်းခါးဟင်းရည်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment