Tuesday, 27 December 2016

တရုတ်စတိုင်လ် ကြက်သား ချိုချဉ်ကြော်


ဒီနေ့တော့ ထမင်းစားလို့ မိန်စေမဲ့ ကြက်သားချိုချဉ်ကြော်လေးကို တရုတ်စတိုင်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခပ်ပြားပြား ရှည်ရှည်အတုံးလေးတွေ တုံးထားသောကြက်ရင်ပုံသား - 150g
  • အနေတော် အတုံးလေးတွေ တုံးထားသောမုံလာဥနီ - အနေတော် တဥ
  • အဖတ်လိုက် အနေအထားရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ထက်ခြမ်းခြမ်းကာ ခပ်ထူထူ လှီးထားသော ကြယ်သီးမှို  - ၁၀ဖူး
  • အရှည်လိုက် လှီးထားထေားသောချင်း - လက်တဆစ်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း( ကြက်သားမှာလူးရန်နှင့် ဟင်းချက်ရန် )
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၅ဇွန်း (အရသာနယ်ထားသော ကြက်သားကို လူးပေးရန်)
  • သကြားအညို - ထမင်းစားဇွန်း တဇွန်း
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၃ဇွန်း
  • သံပုရာသီး - တခြမ်း
  • ဆီ - စားပွဲတင်ဇွန်းကြီး ၅ဇွန်း (ကြက်သားကြော်ရန်)
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း (ချိုချဉ်ကြော်ရန် )
ကြက်သားအရသာနယ်ရန်
  • ကြက်သားကို အတုံးလိုက်ရေဆေးပြီး လက်နှစ်လုံးလောက် ခပ်ရှည်ရှည်လေးတွေ လှီးထားပါ
  • ကော်မှုန့် ထမင်းစားဇွန်း တဇွန်း ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ တို့ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ကြက်သားကိုထည့်ပြီး နယ်ပေးထားပါ
ကြက်သားကြော်ရန် ပြင်ဆင်ပုံ

  • ပထမဆုံး ဆီကိုအပူပေးပါ ဆီပူတာနဲ့ ကြက်သားကို ဂျုံမှုန့်ထဲမှာ လူးပေးပြီး တတုံးခြင်း ထဲ့ကြော်ပေးပါ
  • ကြက်သားကို ၃မိနစ်လောက် ကြော်ကာ ရွှေအိုရောင်သန်းတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ

လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ လှီးပေးထားပါ
  • မုံလာဥနီနှင့် မှိုတို့ကို ရေဆေးပြီး လှီးထားပါ
  • ခရမ်းချဉ်သီးဆော့ ဆား သကြား ဆား ပဲငံပြာရည် ဆီ သံပုရာသီးတို့ကို ပြင်ထားပါ
  • ကော်မှုန့် ထမင်းစားဇွန်း ၂ဇွန်းကို ရေနှင့်ခပ်ကျဲကျဲလေး ဖျော်ထားပါ

ချိုချဉ်ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူကာချင်း ကြက်သွန်နီ ကြက်သွန်ဖြူ မုံလာဥနီတို့ကို နှစ်မိနစ်လောက် ကြော်ပေးပြီး ဆယ်ထားပါ
  • ထိုအိုးထဲမှာဘဲ သကြား ဆား သံပုရာရည် ပဲငံပြာရည် ခရမ်းချဉ်သီးဆော့တို့ကို မီးအေးအေးနဲ့ ကျိုပေးပါ
  • အားလုံး အရည်ပျော်သွားတာနဲ့ ဖျော်ထားသော ကော်ရည်ကို ထည့်မွှေပေးကာ ပြစ်လာအောင် ကျိုပေးပါ
  • ကော်ရည် ပြစ်လာတာနဲ့ ကြော်ထားသော ကြက်သားကို သမအောင် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်များကို ရောမွှေပေးပါ
  • ကြက်သွန်များ အရမ်းနွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သောတရုတ်ဟင်းလျှာ ကြက်သားချိုချဉ် အစိမ်းကြာ်ရပါပြီ။

No comments:

Post a Comment