Monday, 5 December 2016

ပြည်ထမင်းသုပ်






အသုပ်ဟေ့လို့ ဆိုလိုက်ရင် အသားဟင်း မလိုအောင်ကို စားလို့ကောင်းလို့ မကြာမကြာ သုပ်စားဖြစ်ပါတယ် ဒီတခါတော့ ပြည်ကသူငယ်ချင်း ပြောပြတဲ့ နည်းအတိုင်း သုပ်စားဖြစ်တဲ့ ပြည်ထမင်းသုပ် သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ် လိုအပ်နေတဲ့ အမယ်တွေလဲ ပါကောင်းပါနိုင်ပါတယ် အဲဒီလိုဘဲ သုပ်နည်းလေးများ လွဲချော်ခဲ့ရင်တော့ သိတဲ့နည်းလေးကို ပြန်လည်မျှဝေ ပေးတာဖြစ်တဲ့အတွက် နားလည်ပးစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ပဲဆန်ကြာဆန်အခြောက် - 50g
  • ချက်ပြီးသားထမင်း - တရုတ်ဟင်းရည်သောက် ပန်းကန်တလုံးစာ
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ (ဆီချက်ချက်ရန်)
  • နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  • ဆီ - ဆီချက်ချက်ရန် လက်ဖက်ရည်အကြမ်းပန်းကန်တလုံးစာ
  • အရသာမှုန့် - လိုသလောက်
  • ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး တလုံးစာ
  • ငါးငံပြာရည် - လိုသလောက်
  • နံနံပင် - လိုသလောက်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ကြက်သွန်ဖြူ (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် ၅စေ့ခန့်
  • ဂေါ်ဖီ - အနည်းငယ်
ကြာဇံပြုပ်ရန်
  • ပဲကြာဇံကို ရေ တနာရီလောက် စိမ်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ကြာဇံကို ရေသွန်ပြီး ကြာဇံအရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် ၃မိနစ်လောက်ကြာတာနဲ့ ရေနွေးကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ၅မွှာကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာထမင်းနှင့် ပဲကြာဇံ တပွဲစာထည့်ပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • ပဲကြာဇံထမင်းသုပ် အသုပ်အရသာနယ်ပြီးတာနဲ့ ချဉ်ငံစပ်အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပြါ

No comments:

Post a Comment