Tuesday 20 December 2016

သစ်တော်သီးကိတ်









ဒီတစ်ခါတော့ သစ်တော်သီးနဲ့ကိတ်မုန့်လေး ဖုတ်ပါတယ် စားကောင်းလွန်းလို့ နောက်တစ်ခါ ထပ်ဖုတ်ဖို့ စိတ်ကူးထဲမှာ ဦးစားပေး စဉ်းစားထားတဲ့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ကိတ်မုန့်ဖုတ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 140 g 
  2. သစ်တော်သီး - တစ်လုံး
  3. ထောပတ် -100 g
  4. Baking powder - 2.5 g
  5. ကြက်ဥ - နှစ်လုံး
  6. သကြား - 120 g
  7. နွားနို့ -150 ml
  8. ဆီ - အနည်းငယ် မုန့်ဖုတ်မည်း ဗန်းကိုသုတ်ပေးရန်

ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ 
  • မုန့်မွှေသောစက်ရှိပါက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • သစ်တော်သီးကို အလုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း လှီးပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို ဆီသုတ်ပေးပါ 
  • ဆီသုတ်ထားသော ဗန်းထဲသို့ သစ်တော်သီးစိတ်များ စီပြီးထည့်ပေးပါ
  • သစ်တော်သီးပေါ်သို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • Ovenကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • Oven ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို ovenထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်တဲ့အတွက် သစ်တော်သီးကိတ်မုန့် မွှေးမွှေးလေးကို ovenထဲမှ ထုတ်၍အအေးခံကာ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment