Sunday 11 December 2016

ခေါက်ဆွဲသုပ်


အသုပ်လေးတွေ စားချင်စိတ် ပေါ်လာတိုင်း ချဉ်ငံစပ် သုပ်စားလိုက်ရမှ အာသီသလေးက ပြေသလိုလို ရှိတတ်တာမို့လို့ ဒီနေ့တော့ ထမင်းပူပူလေးနဲ့စားဖို့ ခေါက်ဆွဲသုပ်လေး သုပ်မိပြန်ပါတယ်။

အသုပ်ထဲထည့်မည့် ဆီချက်နှင့်အတူ အစာပလာတွေ အကုန်လုံး အဆင်သင့် ရှိတယ်ဆိုရင်တော့ အသုပ်တစ်ပွဲကို လွယ်ကူမြန်ဆန်စွာ ပြင်ပေးနိုင်တဲ့ အသုပ်ပွဲလေး ဖြစ်လာမှာပါ မာမာကတော့ အမြဲတမ်း အသုပ်သုပ် စားတတ်တာမို့လို့ ဆီချက် ပုဇွန်ခြောက်မှုန့် ငါးငံပြာရည် ပဲအကျက်မှုန့်တို့ကို အမြဲတမ်း အဆင်သင့် ပြင်ထားတတ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ခေါက်ဆွဲ - 1 kg
  2. ပဲအကျက်မှုန့် - လိုသလောက်
  3. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  4. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  5. အရသာမှုန့် - လိုသလောက်
  6. ငရုတ်သီး ဆီချက် - လိုသလောက်
  7. မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး နှစ်လုံးစာ
  8. ငါးငံပြာရည် - လိုသလောက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - လိုသလောက်
  11. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ငရုတ်သီးဆီချက် ချက်ရန်
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီ ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်လောက်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို လျှော့ပလိုက်ပြီးမှ ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးမှုန့်ထည့်ပြီးတာနဲ့ ပန်းကန်တစ်ခုထဲကို ပြောင်းထည့်ထားပါ

ပြင်ဆင်ပုံ

  1. ခေါက်ဆွဲဖတ်ကို ပြင်ထားပါ
  2. မကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာနဲ့ စိမ်ထားပါ
  3. အသုပ်ထဲထည့်ရန် ပါဝင်ရမည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ငါးစေ့လောက်နှင့် ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်းပေးပါ

အသုပ် တစ်ပွဲစာပြင်ရန်
  • ဇလုံတစ်လုံးထဲမှာ ခေါက်ဆွဲဖတ် တစ်ပွဲစာကို ထည့်ပေးပါ
  • ငရုတ်သီးဆီချက် ထမင်းစားဇွန်း နှဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း  ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဝက်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်ကို နယ်ပြီးတာနဲ့ စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

1 comment:

  1. ခေါက်ဆွဲသုပ်လာစားနေတယ်မကြီးရေ

    ReplyDelete