Thursday, 18 June 2015

ခရမ်းကဇော့သီးနှပ်





ဒီနေ့တော့ ခရမ်းကစော့သီးလေးတွေကို နှပ်ပါတယ် ခရမ်းကစော့သီးက အစိမ်းတို့ မီးအုံးတို့ ငပိရည်ဖျော် ငပိချက်ချက် ဟင်းချက်သလို နှပ်စားစား အဆင်ပြေတဲ့ အသီးလေးပါ ဒါကြောင့်မို့လို့ ခရမ်းသီးနှပ်သလို နှပ်ထားပါတယ် ထမင်းပူပူမှာ ငပိရည်မွှေးမွှေး ငရုတ်သီးစပ်စပ်လေးနဲ့ နယ်ဖတ်ပြီးစားလို့ကတော့ တောထမင်း တောဟင်းလေးမို့ ထမင်းကို မြိန်စေမှာ ဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းများ
  1. ခရမ်းကစော့သီး - အခိုင်ကြီးကြီး ဆယ်ခိုင်ခန့်
  2. ပုဇွန်ခြောက် - ဆယ့်ငါးကောင်ခန့်
  3. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ခရမ်းကစော့သီးကို ကြေသွားအောင် တစ်လုံးခြင်း ငရုတ်ကျည်ပွေ့နှင့် ထုပေးပါ
  • အားလုံးပြီးသွားပါက အညှာများ ခြွေကာ ရေ ၁၅မိနစ်လောက် စိမ်ထားပြီး ရေ ရှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးလို့ထွက်လာသော အစေ့များကို သွန်ပြစ်ပါ အသားကိုဘဲယူပါ
  • ပုဇွန်ခြောက်ကို ရေစိမ်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ကြက်သွန်နီကို ပါးပါးလှီးပေးပါ
  • ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက အိုးကိုအပူပေးပြီး ဆီ နှင့် နနွင်းမှုန့်တို့ထည့်ပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ  အနီကို နွမ်းရုံလေး ကြော်ပေးပါ
  • ကြက်သွန်များနွမ်းပါက ပုဇွန်ခြောက်ကို တစ်မိနစ်သာသာလောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးများကို ထည့်ပြီးမွှေပေးပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ဆား အရသာမှုန့်နှင့် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းပါက နူးမနူး စမ်းကြည့်ပါ မနူးသေးရင် ရေထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက စားသုံးနိူင်ပါပြီ။

2 comments:

  1. ဒီလိုဟင်းမျိုးဆိုအိုင်အိုရာတို့ ကကြိုက်ပြီးသား။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ခရမ်းပင် သီးချက်က လက်ကုန်ဘဲ အိုင်အိုရာရေ
      စားလို့မနိုင်တော့ တပါတ်တပါတ် အမှိုက်ပုံးထဲ ခုတ်ခုတ်ထည့်နေရတဲ့ အဖြစ်လေ
      မာမာလဲ အမျိုးမျိုး လုပ်စားတာဘဲ တယောက်ထဲဆိုတော့ မနိုင်တော့ဘူးရယ်

      Delete