Monday 25 September 2017

သရက်သီးစိမ်းယို




















စနေနေ့က ဘုန်းကြီးကျောင်းသွားရင်း ကျောင်းကိုရောက်မှ မိတ်ဆွေတစု အပြင်ခန သွားဖြစ်ကြတယ် သရက်ပင်မှာ သရက်သီးစိမ်းတွေတွေ့တော့ သရက်ယို လတ်လတ်ဆတ်ဆတ်လေး စားချင်လာတာနဲ့ ခူးလာခဲ့မိပြန်ပါတယ်။
ထန်းလျှက်ကတော့ မြန်မာပြည်က ထန်းလျှက်ခဲလို မမာဘဲ ရှိတဲ့ထန်းလျှက်ခဲကိုဘဲ ခုတ်ထစ်ပြီး ယိုထိုးဖို့ ပြင်ထားပါတယ် ဒီနေ့တော့ စားချင်တာကို အကောင်အထည်ဖော်ကာ သရက်သီးစိမ်းကို ယိုထိုးမိပြန်တော့ ယိုထိုးနည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း – 1 kg
  2. ကွမ်းစားထုံး - လက်​ဖက်​ရည်​ဇွန်း တစ်ဝက်
  3. ထန်းလျှက်​ခဲ - ၅၀သား (အချိုမကြိုက်လျှင် လျှော့ထည့်ပါ)
  4. ဆား – လက်ဖက်​​ရည်ဇွန်း ၇ ဇွန်း
  5. မဆလာ - ထမင်းစားဇွန်း ၂ဇွန်း
  6. ငရုတ်​သီး အကြမ်းမှုန့်​ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက် (အစပ်ကြိုက်လျှင် ပိုထည့်ပါ )
  7. ရေ – 60 ml


ပြင်​ဆင်​ပုံ
  • သရက်သီးများကို ထိပ်​ဖက်​မှ အညှာကိုလှီးကာ ​ရေဆေးပြီး အလုံးလိုက် ​ရေတစ်နာရီ​လောက်​ စိမ်​ထားပါ
  • ပြီးလျှင်​ ပုံပါအတိုင်း ထက်ခြမ်းခြမ်းကာ ရေနာရီဝက်လောက် စိမ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း အနည်းငယ် ခပ်ထူထူ​လေး လှီး​ပေးပါ
  • သရက်သီးများ လှီးပြီးတာနဲ့ ​ရေ ထုံးနှင့် ဆား ထမင်း​စားဇွန်း ၄ဇွန်းခန့်​ရောကာ သရက်သီး မြုပ်လောက်ရုံ စိမ်နိုင်အောင် ရေထည့်ပြီး ​ဖျော်​ထား​ပေးပါ 
  • သရက်​သီးများကို ​ဖျော်ထားသည့် ရေထဲထည့်ကာ အနည်းဆုံး ၁၀ နာရီခန့် စိမ်ထားပါ
  • ၁၀ နာရီခန့် ထုံးရည်​စိမ်ပြီးလျှင် ရေဖြင့် ထုံးရည်များ စင်သွားအောင် ၃ ခါလောက် ဆေး​ပေးကာ ရေသန့်သန့်ထဲမှာ နောက်ထပ် ၇ နာရီခန့် ထပ်စိမ်ထားပေးပါ
  • ရေစိမ်ပြီးတာနဲ့ ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • သရက်သီး ရေစစ်ထားတုန်း ထန်းလျှက်​ခဲနှင့် ရေ 60 ml ကို အိုးကြီးကြီးထဲထည့်ပေးကာ မီးအ​နေ​တော်​ ဖြင့် ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
  • ရေပွက်ပွက်ဆူလာပြီး ထန်းလျှက်​ခဲများ ပျော်လာပါ သစ်​သား​ယောင်းမဖြင့် ခပ်နာနာလေး မွှေပေးပါ
  • ထန်းလျှက်များအားလုံး အရည်​​ပျော်​သွားတာနဲ့ ရေစစ်ထားသော သရက်သီးများကို အရင်ဆုံး ထည့်မွှေပေးပါ
  • သရက်သီးထဲ ထန်းလျှက်ရည် အရသာ ဝင်သွားတာနဲ့ ဆား လက်​ဖက်​ရည်​ဇွန်း ၃ဇွန်း ငရုတ်သီး အကြမ်းမှုန့် နှင့် မာဆလာတို့ကိုထည့်ပြီး  သမအောင် မွှေပေးပါ
  • အရသာဝင်ပြီး သမသွားအောင် မွှေပြီးတာနဲ့ မီးအပူရှိန်ကို အနည်းငယ် ထပ်​မြှင့်​ပေးပါ
  • မီးရှိန် နည်းနည်း ပိုပူလာတာနဲ့ သရက်သီးများကို အရသာဝင်​​အောင်​ ထပ်​မွှေပေးပါ
  • မွှေနေစဉ်မှာဘဲ သရက်သီးထဲမှ အရည်အနည်းငယ် ထွက်လာပါလိမ့်မယ်
  • ထိုအရည်များ ခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာစေရန်ဆက်ပြီး ကျိုပေးပါ
  • ကျိုနေစဉ်မှာဘဲ ထန်းလျှက်ရည်များ အရမ်းခမ်းပြီး ခဲမသွားစေရန် မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • သရက်သီး အစိမ်းယို အအေးခံထားတာ အေးသွားပြီဆိုတာနဲ့ တထုတ်ထုတ်နှင့် စားလို့ကောင်းတဲ့ သရက်သီးစိမ်း အစပ်ယို ရှူးရှူးရှဲရှဲလေးကို မဆလာနံ မွှေးမွှေးလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment