Thursday, 28 September 2017

ချဉ်ငံစပ် သရက်ချဉ်သုပ်



သရက်သီးလေးတွေ သရက်ချဉ် လုပ်ထားရတာ ရပြီဆိုတော့ သုပ်စားဖို့ အကြောင်းက ဖန်လာပါတယ် သမီးငယ်က မေမေရေ ကြာဇံဟင်းခါးလေး သောက်ချင်တယ်တဲ့ ကြာဇံဟင်းခါးနဲ့ လိုက်ဖက်မဲ့ အသုပ်လေး စဉ်းစားလိုက်တော့ သရက်ချဉ်သုပ်လေးက ပေါ်လာခဲ့တယ် ဒါနဲ့ဘဲ ကြာဇံဟင်းခါးလေးချက် သရက်ချဉ်လေး သုပ်လိုက်မိပါတော့တယ်။

ပါဝင်ပစ္စည်းများ

  • သရက်ချဉ် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တလုံးစာ
  • ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  • မြေပဲလှော် - မိမိနှစ်သက်သလောက်
  • ခနောကြက်သားမှုန့် - ထမင်းစားဇွန်း တဇွန်း (သို့မဟုတ် ) အချိုမှုန့်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၃ဇွန်း
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တဇွန်း
  • ငရုတ်သီးအလှော်မှုန့် - အစပ်စားနိုင်သလောက်
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • ဆီ - တရုတ် ဟင်းထည့်ပန်းကန် အသေးတလုံးစာ (ဆီချက်ချက်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာခန့် (ဆီချက်ချက်ရန်)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ဆီချက်ချက်ရန်)
ဆီချက်ချက်ရန်

  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အကွင်းလိုက် လှီးထားပါ
  • ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ်လျှော့ပြီး ကြက်သွန်ဖြူများ ထည့်ပေးပါ
  • အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်နှင့် ချက်ထားသော ဆီအေးသွားမှ ၂ခုပြန်ရောပေးထားပါ
  • ဆီချက်ကို လိုသလောက်ဘဲသုံးပြီး ကျန်ပိုနေသော ဆီချက်များကို သိမ်းထားပြီး နောက်ထပ် အသုပ်သုပ်လျှင် ယူသုံးနိုင်ပါတယ်။

ပြင်ဆင်ပုံ
  • သရက်ချဉ်ကို ရေစင်အနည်းငယ် ညှစ်ပေးပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပေးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးကာ ရေဆေးထားပါ
  • ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးထားပါ
  • မြေပဲကို မညက်တညက် ထောင်းပေးပါ
  • ဇလုံတလုံးထဲမှာ သရက်ချဉ် မြေပဲထောင်း ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးအလှော်မှုန့် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ကြက်သားမှုန့် ကြက်သွန်ဖြူဆီချက်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အငံအရသာအတွက် သရက်ချဉ်နှင့် ခနောကြက်သားမှုန့်တို့မှာ ပါပြီးသား ဖြစ်တဲ့အတွက် ထပ်ထည့်ရန်မလိုပါ
  • အားလုံးကို ခပ်ဖွဖွ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ထားသော သရက်ချဉ်သုပ်ကို အရသာမြည်း၍ လိုသလိုပြင်ကာ ကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment