Friday, 22 September 2017

ဆန်လှော် ဆန်ပြုပ်





ဒီနေ့တော့ ထမင်းမချက်ဘဲ ဆန်လှော် ဆန်ပြုပ်လေး ပြုပ်ပြီး ထမင်းလွတ် သောက်ကြပါတယ် ဆန်ပြုပ်ကတော့ ဘယ်လိုပြုပ်ပြုပ် အရမ်းကြိုက်တာမို့ မကြာခနလဲ ပြုပ်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် - ​ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  • ရေ - လိုသလောက်
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ကြက်သွန်မိတ် - လိုသလောက်
  • ကြက်သား - 150g
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၅မွှာ
  • နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကြက်သွန်နီကြော် - လိုသလောက်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ပုံ
  1. ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပါ
  2. လှော်နေစဉ် အဆက်မပြတ်မွှေပေးပါ
  3. ရွှေအိုရောင်သန်းလာတာနဲ့ ပြုပ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ
  4. ဆန်လှော်အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  5. အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  6. ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  7. ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
  8. ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  9. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  10. ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  11. ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  12. ကြက်သားကို ခပ်နုတ်နုတ်လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တ၀က် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  13. ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  14. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တ၀က်ဆီထည့်ကြော်ပါ
  15. ကြက်သွန်များ နွမ်းတာနဲ့အရသာနယ်ထားသော ကြက်သားကို ထည့်ပြီး ၄မိနစ်လောက် ဆီသတ်ပါ
  16. ကြက်သား အသားမာလာတာနဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
  17. ကြက်သားထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီနွမ်းတဲ့ထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  18. ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
  19. ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ကာ ဆန်လှော်ဆန်ပြုပ်ကို ကြက်​သွန်​နီ​ကြော်​နှင့်​ ကြက်သွန်မိတ်ဖြူးပြီး သောက်နိုင်ပါပြီ။

No comments:

Post a Comment