Monday, 18 September 2017

ဝက်ခေါက်ကြော် ကြွတ်ကြွတ်လေး








ဝက်ခေါက်ကြော် စားချင်လို့ တခါတလေလေး ကြော်ပါတယ် ဇကောတချပ်နဲ့ကာလိုက် ပြေးလိုက်ရတာ အမောပါဘဲ ဆီကပေါက်လိုက် ဇကောနဲ့ကာလိုက် ဆီစဉ်မှာဆိုးလို့ ပြေးလိုက် ကြော်ပြီးပန်တော့ ဆေးလိုက်ရတဲ့ မီးဖိုနဲ့ ကြမ်းပြင်တခုလုံး နာရီနဲ့ချီပြီး ဆေးလိုက်ရပေမဲ့ အချိန်တန်တော့လဲ ဝက်ခေါက်ကြော်လေးတော့ ဖြစ်လာတာပါဘဲ။

ပါဝင်ပစ္စည်းများ
  • ဝက်ခေါက် - 1kg
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ထက်ရည်ဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မခန့် 
  • နာနတ်ပွင့် -၃ ပွင့်
  • ကရဝေးရွက် - ၅ရွက်
  • ဖာလာ - ၃စေ့
  • ဆီ - ၀က်သားမြုပ်လုနီးပါးထည့်ရန်
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ၀က်ခေါက်မြုပ်နိုင်ရုံ ရေတ၀က်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ ၀က်ခေါက် ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ
  • အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုပ်ပေးပါ
  • ၀က်ခေါက်ပြုပ်ထားစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ 
  • အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ
  • ၀က်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ
  • လေသလပ်ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ
  • အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိုင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတလုံးကို အပူပေးပါ
  • ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ
  • ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ
  • နောက်တဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပြီး နောက်တဖက်ကို လှန်ပေးပါ
  • တဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ
  • ဆီပေါက်ပြီး လူကိုစင်စေနိုင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • မိမိလှီးထားသော ဝက်ခေါက်အထူအပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ
  • တခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိုင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ
  • ဝက်ခေါက်များ မွပြီးကြွတ်လာကာ အညိုရောင်ဘက် သန်းလာပါက ဆီစစ်ဇကာထဲသို့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီး အေးသွားပါက ဝက်ခေါက်ကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရှမ်းခေါက်ဆွဲ မုန့်တီနှင့် အချဉ်နှင့် တို့ပြီးစားနိုင်ပါပြီ။

No comments:

Post a Comment