Wednesday, 20 September 2017

အမဲနှစ်လုံးပြုပ်



ဟင်းချက်ဖို့ စဉ်းစားလို့ မရတဲ့ရက်တွေမှာ ဈေးမှာပါတ်ချာလည်နေရင်း ကြံရာမရတဲ့အဆုံး တွေ့တာတွေ ခြင်းထဲကောက်ထည့်လာရတာမျိုးလဲ ဖြစ်တတ်ပါတယ်။

ဒီနေ့တော့ အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တခါတလေ စားဖြစ်တဲ့ အမဲနှစ်လုံးလေးတွေ ဝယ်လာကာ ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ ပြုပ်ကာ အချဉ်ရည်လေးစပ်ပြီး စားဖြစ်တဲ့အတွက် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အမဲနှစ်လုံး  - ၂ခု
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ချင်းခပ်ပါးပါး - လေးပြား
  • စပါးလင် -၂ပင်
  • ကြက်သွန်ဖြူ အလုံးလိုက် - ၂ဥ
အချဉ်ရည်စပ်ရန်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း 
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • သံပုရာရည် - စားနိုင်သလောက်
  • အားလုံးကို ဇလုံတခုထဲထည့်ပြီး သမအောင် ရောမွှေထားပါ

ပြင်ဆင်ပုံ
  1. အမဲနှစ်လုံးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ဆား ဟင်းချိုမှုန့် နနွင်းမှုန်တို့နှင့်နယ်ပြီး ၁၀မိနစ်လောက်ထားပါ
  2. စပါးလင်ကို အပင်လိုက်ရေဆေးပြီး အထုံးထုံးကာ မညက်တညက် ထုထားပါ
  3. ချင်းကိုရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  4. ကြက်သွန်ဖြူ အလုံးလိုက်ကို အပြင်ခွံ နဲနဲချွတ်ကာ ရေဆေးထားပါ
  5. အမဲနှစ်လုံး အရသာဝင်လောက်တာနဲ့ ကြက်သွန်ဖြူ အလုံးလိုက် ထုထားသော စပါးလင် ချင်းပြားနှင့် ရေ အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  6. အိုးမကပ်စေရန် သတိထားတည်ပေးပါ
  7. အရင်ဆုံး ထည့်ထားသော လုံးရည်ခမ်းတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့ထိ ပြုပ်ပေးပါ
  8. အသားနူးလာပြီး ရေမခမ်းခင်လေးမှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  9. ရေခမ်းလျှင် အိုးကပ်သွားနိုင်တဲ့အတွက် ရေမခမ်းခင် မီးပိတ်ပေးပါ
  10. ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ မိမိနှစ်သက်သော ကြက်သွန်ဖြူ ကြက်သွန်နီ အချဉ်ရည်တို့နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment