Saturday 6 May 2017

ဝက်သား သရက်သီးဟင်း


ဒီနေ့တော့ ၀က်သားသုံးထပ်သားကို အအီပြေအောင် သရက်သီးခြောက်နဲ့ ဆီပြန်ချက်ပါမယ် ၀က်သားသုံးထပ်သားကို ချက်ထားတာ ဖြစ်တဲ့အတွက် ဆီကို နည်းနည်းဘဲ ထည့်ချက်ပါမယ် ထမင်းစားလို့မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့အရမ်းကို လွယ်ကူတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၀က်သားအရသာနယ်ရန်)

  1. ၀က်သား သုံးထပ်သား - 500 g ကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ၀က်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ။

ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. သရက်သီးခြောက် - အနည်းငယ် အချဉ်အရသာအတွက် ချင့်ချိန်ပြီး ထည့်ပေးပါ
ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ၀က်သားနှင့် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • သရက်သီးခြောက်ကို ဟင်းမချက်ခင် တနာရီလောက်က ကြိုပြီးရေစိမ်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်းထောင်းတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ၀က်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ၀က်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေစိမ်ထားသော သရက်သီးခြောက်နှင့် ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • သရက်သီးခြောက်များ နူးပြီးကျေလာအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက သရက်သီး ချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ အအီပြေ  ၀က်သားအချဉ်ဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment