Sunday 14 May 2017

မလေးရှား ထမင်းကြော်







အန်တီမာရေ သမီးတို့ကို မလေးရှားထမင်းကြော်နည်းလေး ပြောပြပါဆိုပြီး လာလာမေးကြတဲ့ သမီးငယ်လေးတွေအတွက် ယူကျူ့မှာ ၀င်ကြည့်ပြီး အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ မဖြစ်ဖြစ်အောင် ကြော်ဖြစ်ခဲ့တဲ့ မလေးရှား ထမင်းကြော်လေးပါ။

တကယ်တမ်းကျတော့ ထမင်းစပြီး စာတတ်ကတည်းက အမေနဲ့ကြီးကြီး ကြော်ကျွေးခဲ့တဲ့ ပဲပြုပ်ထမင်းကြော်လောက်တော့ အာမတွေ့သလို အရမ်းကြီးလဲ မကောင်းလှပါဘူး တကမ္ဘာလုံးက ထမင်းကြော်နည်းတွေကိုစုပြီး ဘယ်ထမင်းကြော် စားမလဲ မေးရင်တောင် ပဲပြုပ်ထမင်းကြော်ကိုဘဲ ရွေးမိမှာဖြစ်သလို မိဘအိမ်မှာ စားခဲ့တဲ့ ထမင်းကြော်လောက်တော့ မကောင်းဘူးဆိုတာကို အရင်ဆုံးဝန်ခံပရစေ။

မလေးရှား ထမင်းကြော်ရန် ဟင်းအနှစ်တွင် ပါဝင်သော ပစ္စည်းများ

  • ငရုတ်သီးအပု အခြောက်တောင့် - ၈တောင့်ခန့်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်နီ - အနေတော် ၁ဥ 
  • ကြက်သွန်ဖြူ - ၄မွှာ
  • ချင်း - လက်တဆစ်ခန့် 
  • ငါး ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် - ၁ပင်
  • ပုဇွန်ခြောက်မှုန့် - စားပွဲတင်ဇွန်းကြီး ၁ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • စိမ်းစားငါးပိ - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်းခန့်


မလေးရှား ထမင်းကြော်ရန် ဟင်းအနှစ်ချက်ရန် ပြင်ဆင်ပုံ

  • ငရုတ်သီးပွ အနီရောင်အပု အခြောက်တောင့်ကို အညှာမခြွေဘဲ ရေထည့်ကာ ပြုပ်ပေးပါ
  • ရေဆူလာပြီး ငရုတ်သီးတောင့် နူးပါက ရေနွေးထဲမှဆယ်ကာ ငရုတ်ပွတောင့်ကို အညှာခြွေထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ နုတ်နုတ် စဉ်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  • ဆား စိမ်းစားငါးပိနှင့် ငံပြာရည်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ဆီမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးနှင့် ရေအနည်းငယ်တို့ကို ဗလင်ဒါထဲ ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးတလုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ်လျှော့ပေးပြီးမှ ကြိတ်ထားသော ပစ္စည်းများကိုထည့်ပြီ ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မီးမများစေရန် သတိထားပြီး အိုးမက်စေရန် မကြာမကြာ မွှေပေးပါ
  • ဟင်းအနှစ် ဆီတက်လာတာနဲ့ အအေးခံပြီး လိုသလောက်သုံးပြီး ပိုသော ဟင်းအနှစ်ကို အအေးခံပြီး လေလုံသည့် ပုလင်းထဲထည့်ကာ ရေခဲသေတ္တာထည့်ပြီး သိမ်းထားနိုင်ပါတယ်
  • ပုဇွန်ငါးပိပါတဲ့အတွက် တာရှည်အထားခံပါတယ်
  • ဟင်းအနှစ်ချက်စဉ် တအိမ်လုံး အနံ့တွေ စွဲစေပြီး ညှော်တဲ့အတွက် ပြူတင်းပေါက်များလဲ ဖွင့်ထားဖို့ သတိပေးပါရစေ။



မလေးရှား ထမင်းကြော်ရာတွင် ပါဝင်သော ပစ္စည်းများ

  • ပုဇွန်ထုတ် - ၅ကောင် ( ပိုထည့်လည်းရပါတယ်)
  • ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲ
  • ကြက်အူချောင်း -  တချောင်း
  • မုန်လာဥနီ - အနေတော် တဥ
  • ပဲတောင့်ရှည် - ၃တောင့်ခန့်
  • ကြက်သွန်မြိတ် - အနည်းငယ် 
  • မလေးရှား ဟင်းအနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ခနောကြက်သားမှုန့်  - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်ဥ - ၃လုံး (ထမင်းပွဲပြင်ရန်အတွက် ကြော်ရန်)
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ဆန် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲကိုခပ်မာမာလေး ချက်ထားပါ
  • ချက်ပြီးသား ထမင်းကို အအေးခံပြီး ဖွထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး အမြှီး ခေါင်းဖြုတ်ကာ ကြောဘက်မှ အမည်းကြောင်း ထုတ်ပေးထားပါ
  • ကြက်အူချောင်းကို ခပ်သေးသေးလေးတွေ တုံးထားကာ ဒယ်အိုးတလုံးထဲမှာ ဆီမထည့်ဘဲ အိုးပူတိုက်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး အနေတော် တုံးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးကာ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဒယ်အိုးကို အပူပေးကာ ဆီထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာပါက မုန်လာဥနီနှင့် ဘိုစားပဲတို့ကို ထည့်ပြီး ကြော်ပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းလာပါက ပုဇွန်ထုတ်ကို ထည့်ကြော်ပါ
  • ပုဇွန်ထုတ် ကျက်ပါက ကြက်အူချောင်း မလေးရှား ဟင်းအနှစ် အအေးခံထားသော ထမင်းနှင့် ခနောကြက်သားမှုန့်ကို ထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်သွန်မိတ်ထည့်ပြီး မွှေပေးပါ
  • နောက်ဆုံးမှ ကြက်ဥ သုံးလုံးကို ခလောက်ပြီး တပွဲစာကို တချပ်နူန်းဖြင့် ၄ခါခွဲကြော်ကာ မလေးရှား ထမင်းကြော်နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ
  • တကယ်ဆိုရင်တော့ ပဲသီးကြော် ကြက်အူချောင်းကြော် ကြက်ဥကြော်တို့ကို ထမင်းကြော်ဘေးမှာ အလှဆင်ပြီး ထည့်ပေးရမှာပါ မာမာကတော့  ကြက်ဥကြော် မထည့်ထားသလို ကျန်တဲ့ ပစ္စည်းများကိုလဲ ရောကြော်ထားပါတယ် ယူကျူ့ကနေ ကြော်နည်းနဲ့ ပါဝင်ပစ္စည်းလေးတွေကို ကြည့်ပြီးကြော်တာ ဖြစ်တဲ့အတွက် ယူကျူ့မှာလဲ ကြော်နည်းက အမျိုးမျိုး ထွက်လာတဲ့အတွက် ကြော်တဲ့နည်းလေးက မှားယွင်းခဲ့သော် သီးခံပေးကြစေချင်ပါတယ်။


No comments:

Post a Comment