Tuesday 2 May 2017

ဂဏန်းခွက်ပေါင်း







ဂဏန်းတွေ ၀ယ်လာပြီး ချက်စားရတာလဲ ရိုးသလို ဖြစ်လာပြီမို့လို့ ဒီတခါတော့ ဂဏန်းအသားလေးတွေရယ် အရွက်လေးတွေရယ်ကိုရောပြီး ဂဏန်းပေါင်းလေး လုပ်ဖြစ်သွားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ဂဏန်းအသား - 200 g
  2. ဂဏန်းအခွံ ခပ်ကြီးကြီး - ၄ခု
  3. တရုတ်မုန့်ညှင်းထုတ် လှီးပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  4. ဂေါ်ဖီ လှီးပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  5. မုံလာဥနီ လှီးပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  6. ကျူဆိုင် လှီးပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ကြက်ဥ - တစ်လုံး
  13. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • ဂဏန်းများကို ရေဆေးပြီး ပေါင်းဇကာထဲ ထည့်ထားပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတ၀က်လောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ပေါင်းခံဇကာကို အိုးပေါ်တင်ကာ ၅မိနစ်လောက် ပေါင်းပေးပါ
  • ဂဏန်းအသားများ ကျက်တာနဲ့ဆယ်ပြီး အအေးခံထားပါ
  • ဂဏန်းအသား အေးတာနဲ့အခွံကို သပ်သပ်ခွာပြီး ဖယ်ထားပါ
  • ကျန်သောအသားများကို အခွံအသား သတ်သတ်စီ ဖယ်လိုက်ကာ အသားကို ယူထားပါ
  • အသီးအရွက်များ ကြက်သွန်များကို ရေစင်အောင်ဆေးပြီးမှ ပုံပါအတိုင်း လှီးပေးထားပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်အဖြူနှင့်အနီကို ထည့်ကြော်ပါ
  • နှစ်ချက်သုံးချက်လောက် မွှေပြီးတာနဲ့ကြက်ဥကို ဖောက်ထည့်ပြေးမွှေလိုက်ပါ
  • တဆက်ထည်းမှဘဲ မုံလာဥနီကို အရင်ဆုံး မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • ပြီးတာနဲ့ တရုတ်မုန့်ညှင်းနှင့် ဂေါ်ဖီကို မိနစ်ဝက်လောက် ထည့်မွှေပါ
  • ဆား အရသာမှုန့်နှင့် ဂဏန်းသားတို့ကို့ ထည့်မွှေပေးပါ
  • အရွက်များ အရမ်းမနွမ်းခင် ပဲငံပြာရည်အနောက် ငရုတ်ကောင်းမှုန့် ကျူဆိုင်နှင့် နှမ်းဆီမွှေးတို့ထည့်မွှေကာ အရသာမြည်း၍ လိုသလို ပြင်ပေးကာ မီးပိတ်ပြီး အအေးခံထားပါ
  • ဂဏန်းခွက် အခွံထဲကို ကြော်ထားသော အသီးအရွက်ကြော်များ ဖိထည့်ပေးပါ
  • အစာထည့်ထားသော ဂဏန်းခွက်များကို ဖျော်ထားသော ကော်ရည်ထဲမှာ ခနလေး စိမ်ထားပေးလိုက်ပါ
  • ပြီးတာနဲ့ပေါင်းခံဇကာထဲ စီပြီးထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲ ရေတ၀က်လောက် ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အစာသွတ်ထားသော ဂဏန်းကို ပေါင်းဇကာပေါ်တင်ကာ အဖုံးအုပ်ပြီး ပေါင်းပေးပါ
  • ၅မိနစ်ခန့် ပေါင်းပေးပြီးတာနဲ့ ဂဏန်းခွက်ပေါင်း မွှေးမွှေးလေးကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment