Friday 5 May 2017

ဝက်သားလုံးကြော်



အိမ်မှာ ၀က်သားဆိုတာ စားခဲတဲ့ အစာတစ်ခု ဖြစ်ပါတယ် ဒါပေမဲ့ အခုရက်ထဲ ကြက်သားတွေ စားရတာလဲ အာမတွေ့လေတော့ ၀က်သားဖက်လှည့်လို့ ဟင်းဖြစ်အောင် ချက်ရပြန်ပါတယ် ဒီနေ့တော့ စားချင့်စဖွယ် မွှေးပျံ့နေတဲ့ ၀က်သားလုံး ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - အသားကောင်းကောင်း 350 g
  2. ချင်း - လက်တဆစ်ခန့်မရှိတစ်ရှိ
  3. ကြက်ဥ - တစ်လုံး
  4. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီးနှစ်မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်းဖျား သုံးပုံတစ်ပုံ
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ဝက်သားကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် ခနစစ်ထားပါ
  • ပြီးမှ စဥ့်နီတုံး ကောင်းကောင်းပေါ်မှာ ညှက်နေအောင် နုတ်နုတ်စင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင်ထောင်းပြီး အရည်ညှစ်ယူထားပါ
  • ကြက်ဥကို အနှစ်ဖယ်ထားပြီး အကာကို ပြင်ထားပါ
  • ခပ်နုတ်နုတ် စင်းထားသော အသားများ ချင်းထောင်းထားသော အရည် ဆား ငရုတ်ကောင်းမှုန့် နှမ်းဆီ ပဲငံပြာရည်အကြည် အရသာမှုန့် နနွင်းမှုန့် စင်းထားသော ကြက်သွန်ဖြူ  ကြက်သွန်နီ ပြောင်းကော်မှုန့် ကြက်ဥအကာတို့ကို ဇလုံကျယ်ကျယ် တစ်ခုမှာ ထည့်ပေးပြီး သမအောင် နယ်ပေးပါ
  • အနေတော် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပြီးမှ အရသာ နယ်ထားသော ၀က်သားကို အနေတော် အလုံးလေးတွေ လုံးပြီးထည့်ကြော်ပါ
  • ကြော်နေစဉ် မီးအရမ်း မများအောင် သတိထားပါ မီးအရမ်းများပါက အပြင်သားများ အကျက်လွန်လွယ်ပြီး အထဲက မကျက်ဘဲ နေတတ်ပါတယ်
  • ဝက်သားလုံးများကို အထက်အောက် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ၀က်သားလုံးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးကာ နှစ်သက်ရာ အချဉ်တို့ဖြင့် တွဲဖက်လို့ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment